ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ တပ်မဟာ၆နယ်မြေ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများငြိမ်သွားပြီးနောက်ဇန်နဝါရီလ၁ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်စဉ်အကြမ်းဖက်စစ်တပ်၏ယူနီဖောင်းအချို့နှင့်လက်နက်အမြောက်အများသိမ်းဆည်းရမိခဲ့သည်။
တပ်မဟာ၆နယ်မြေကော့ကရိတ်မြို့နယ်တောင်ပိုင်း အတွင်းဖြစ်ပွားခဲ့သောတိုက်ပွဲများငြိမ်သွာ းခဲ့ပြီးနောက် အဆိုပါလက်နက်များကိုတွေ့ရှိ၍ သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း KNLAသတင်းရင်းမြစ်များထံမှသိရသည်။
“တိုက်ပွဲကဖြစ်နေတာသုံးရက်လောက်ရှိနေပြီ။ တိုက်ပွဲဖြစ်တဲ့နားနဲ့ နည်းနည်းလှမ်းတဲ့တောင်ကြောတစ်ခုကို ဆုတ်သွားကြတယ်။ ဆုတ်တဲ့အချိန်မှာ KNLAပူးပေါင်းအဖွဲ့တွေက ဆင်းပြီးတော့နယ်မြေရှင်းတဲ့အခါမှာ သေနတ်ကျည်ဆံတွေ ဗုံးသီးတွေ ယူနီဖောင်းတွေတွေ့ခဲ့ကြတာဖြစ်ပါတယ်”ကရင်ဒေသခံ သတင်းရင်းမြစ်တစ်ခုက MPAသို့ပြောသည်။
ကော့ကရိတ်မြို့နယ်တောင်ပိုင်းတွင် ဒီဇင်ဘာလ၂၉ရက်နေ့မှစတင်ပြီး အကြမ်းဖက်စစ်တပ် နှင့် KNLA၊KNDOအပါအဝင်ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်တပ်မှကျဆုံးသူအများအပြားရှိခဲ့ကြောင်းသိရသည်။
“PDFတွေလည်းပါတယ်။KNLA \KNDOလည်းပါတယ်။ အဲ့ဒီမှာအထူးတပ်ရင်းတွေလည်းဝင်ရောက်ပြီးတိုက်ခိုက်ခဲ့ကြတယ်။သူတို့ဘက်ကထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်”ဟု ၎င်းကဆိုသည်။
ထိုသို့တိုက်ပွဲများဖြစ်ပွားနေသည့်အတွက်ကော့ကရိတ်မြို့နယ်တောင်ပိုင်းနှင့် အနီးတဝိုက်ကျေးရွာများမှ ဒေသခံသုံးထောင်နီးပါး စစ်ဘေးရှောင်ကြရလျက်ရှိနေသည်။
ဒီဇင်ဘာလ၁၅ရက်နေ့တွင် အကြမ်းဖက်စစ်တပ်မှ မြဝတီခရိုင်၊ လေးကေ့ကော်ငြိမ်းချမ်းရေးမြို့သစ်အတွင်း စတင်ပစ်ခတ်ရာမှစတင်ပြီး တပ်မဟာ၆ထိန်းချုပ်နယ်မြေအတွင်း တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး နေရာဒေသအသီးသီးတွင် စစ်ရေးအရတင်းမှုများဖြစ်နေပြီး ဒေသခံသောင်းနှင့်ချီသည် ထိုင်း-မြန်မာနယ်စပ်မျဉ်းတလျှောက်တွင် စစ်ရှောင်စခန်းများပြုလုပ်နေထိုင်ရလျက်ရှိနေသည်။