မန္တလေး လူထုသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ကိုတေဇာဆန်း၏ ဇာတိကျေးရွာကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ၁၁ရက်နေ့တွင် ရဟတ်ယာဉ် ၂ စီးပါ အသုံးပြုပြီး ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။
ကိုတေဇာဆန်း၏ ဇာတိဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွှေအိုးရကျေးရွာကို အကြမ်းဖက်စစ်တပ်မှ အရပ်ဘက်သုံး မော်တော်ယာဉ်၄စီး၊ ရဟတ်ယာဉ်နှစ်စီးဖြင့် ဝင်ရောက်စီးနင်းရှာဖွေကာ ဒေသခံများ၏ နေအိမ်များ၊ အမျိုးသမီးအသုံးပစ္စည်းများမှ အစဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
“ပစ္စည်းတွေ မွှေနှောက်ပြီး ရှာဖွေယူတယ်။ ရေအိုးတွေကို ထိုးဖောက်တယ်။ နောက်ဆုံးထဘီတွေက အစဝတ်လို့ မရအောင်၊ အဆိုးရွားဆုံးက မိန်းကလေးဘော်လီတွေကိုတောင် နှစ်ခြမ်းဖျက်ထားခဲ့ကြတာဗျ။” ဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက် စစ်တပ်မှ ကား လေးစီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် အင်အား ၈၀ ခန့် လာရောက်ချထားပြီး ကျေးရွာနေအိမ်များနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျေးရွာအတွင်းဖျက်ဆီးမှုများကိုပြုလုပ်ခဲ့သည့်အပြင် ကျေးရွာအနောက် မြောက်ဘက် ရှိ သိန်းငှက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဝက်လက်)၏ အခြေစိုက်စခန်းကိုလည်း ဖျက်ဆီးမှုများပြုလုပ်ခဲ့ပြီး စခန်းတွင်းမှ ပစ္စည်းများကိုလည်း မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။
သိန်းငှက်(PDF )အဖွဲ့ဝင်တစ်ဦးကလည်း “သိန်းငှက်(PDF)ရဲ့စခန်းထဲက ပစ္စည်းတွေကို အကုန်လုံး လက်လုပ်သေနတ်တွေရော အနွေးထည်တွေရော ဖိနပ်တွေရောကို စုပုံပြီးမီးပုံရှို့ခဲ့တာ” ဟု ဆိုသည်။
ရွှေအိုးရကျေးရွာ၏ ဘုံကထိန်အဝင်နေ့ဖြစ်သည့်အတွက် ဘုန်းကြီးကျောင်းတွင် အလှူအတွက် ချက်ပြုတ် နေသော အစားအသောက်များ စားသောက်သွားသည့်အပြင် ဘုန်းကြီးကျောင်းအတွင်းမှ ကားတစ်စီးကိုလည်း ပြန်ပေးဆွဲသွားခဲ့ကြသည်။
“စားသောက်သွားပြီးအပြန်ကျတော့ ဘုန်းကြီးကျောင်းက ကားတစ်စီးကိုယူသွားတာ။ သူတို့လာတုန်းက နွံနစ်နေတဲ့ကားကို ယူပြီးတော့ ရွှေပန်းကုံးတိုက်နယ်ရဲစခန်းကို လာလဲဖို့ပြောပြီးယူသွားကြတာ”ဟု ၎င်းကဆက်ပြောသည်။
ကိုတေဇာဆန်း၏ ဇာတိဖြစ်သည့် ရွှေအိုးရ ကျေးရွာကို ဝင်ရောက် ရှာဖွေမွှေနှောက်သည်မှာ သုံးကြိမ်မြောက်ဖြစ်သည်။
အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ကို နေ့စဉ်နှင့်အမျှ ပြင်းထန်စွာ ခုခံတိုက်ခိုက်နေသော စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်များကိုဝင်ရောက်ရှာဖွေမှုများ ပြုလုပ်လျက်ရှိနေပြီး ကျေးရွာနေအိမ်များကို မီးရှို့ခြင်း၊ ဖျက်ဆီးခြင်း၊ ပစ္စည်းများ လုယက်ယူငင်ဖျက်ဆီးခြင်း၊ ဒေသခံများကို ဖမ်းဆီးနှိပ်စက် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ကိုတေဇာဆန်း (ဒေါက်တာတေဇာဆန်း)သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီး ပထမဦးဆုံး ဆန္ဒပြမှုကို ဦးဆောင်ခဲ့သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။