ဂေါ်ရခါးလူငယ် ကိုလင်းပိုင်စိုးကို လူမျိုးခြားဟု ဆိုကာ စစ်ဆေးစဉ် ရိုက်နှက်သတ်ဖြတ်ခံရကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း မိသားစုက အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
သေဆုံးကြောင်း ပြောကြားခဲ့သူမှလွဲ၍ အခြားအတည်ပြုမှု တစ်စုံတရာမရှိသေးသည့်အတွက် မယုံကြည်နိုင်သေး သောကြောင့် ဆက်လက်စုံစမ်းမှုများ ပြုလုပ်လျက်ရှိနေကြောင်း ကိုလင်းပိုင်းစိုး၏ မိသားစုဝင် တစ်ဦးက ဆိုသည်။
ကိုလင်းပိုင်စိုးသေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခဲ့ရာ နေရာဖြစ်သည့် မန္တလေးနန်းတွင်းရှိ စစ်ကြောရေးကလည်း အတည်ပြုချက် မပေးခဲ့သဖြင့် သေဆုံးမှုကို လက်မခံနိုင်သေးကြောင်း ၎င်းက ပြောသည်။
“သွားစုံစမ်းကြည့်တော့ တကယ်လို့ တစ်ခုခုဖြစ်တယ်ဆိုရင်ကျ နော်တို့က မိသားစုကိုအကြောင်းကြားမှာပေါ့ လို့တာဝန်ရှိတဲ့သူက ပြောတယ်။ အဲဒီတော့ ကျနော်တို့က သေတယ်ဆိုတာကို တစ်မိသားစုလုံး လက်ခံဖို့ခက်တယ်။ရတဲ့နည်းတဲ့စုံစမ်းနေကြတုန်းပါပဲ” ဟု ၎င်းက ဆိုသည်။
နေပြည်တော်နှင့် မန္တလေးရှိ သပိတ်စစ်ကြောင်းများတွင် ဦးဆောင်ပါဝင်ခဲ့သည့် ကိုလင်းပိုင်စိုးသည် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး စစ်ကြောရေးတွင် နှိပ်စက်ခြင်းခံရသည့် ဒဏ်ရာများ ကြောင့် အောက်တိုဘာလ၁ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ထောင်မှထွက်လာသူအချို့ထံမှ သိရှိရသော်လည်း ယနေ့အထိ အတည်ပြုချက်မရရှိသေးကြာင်းသိရသည်။
မန္တလေးရှိနေအိမ်တစ်ခုတွင် စက်တင်ဘာလ ၃၀ ရက်နေ့က ဖမ်းဆီးခြင်းခံခဲ့ရသည့် ကိုလင်းပိုင်းစိုးသည် နောက်နေ့တွင်ပင် နှိပ်စက်ခံရသည့် ဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း ထောင်မှ လွတ်လာသူအချို့က မိသားစုကို အောက်တိုဘာလ ၁၈ ရက်နေ့က ပြောပြခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့တွင် ထောင်မှလွတ်မြောက်လာသူ တစ်ဦး၏ ပြောကြားချက်များ ကိုးကားပြီး နေပြည်တော်ကျောင်းသားများ သမဂ္ဂမှ တာဝန်ရှိသူများက ကိုလင်းပိုင်စိုး သေဆုံးပြီးဖြစ်ကြောင်း MPAသို့အတည်ပြုပြောကြားခဲ့သေးသည်။
လက်ရှိအခြေအနေတွင်လည်း ကိုလင်းပိုင်စိုး သေဆုံးကြောင်း သတင်းထွက်ပေါ်လာသည့်တိုင် အလောင်း လာထုတ်ခိုင်းခြင်း၊ တစုံတရာ ဖြေရှင်းအတည်ပြုခြင်းများ မရှိသေးကြောင်း နေပြည်တော်ကျောင်းသားများ သမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
”ကျနော်တို့အနေနဲ့က ထောင်ကလွတ်လာတဲ့သူတစ်ဦးရဲ့ စကားကိုကိုးကားပြီးတော့ ပြောပြရတာပေါ့။ အခုကတော့ နောက်ဆက်တွဲ အလောင်းလာထုတ်ပါဆိုတာမျိုး အတည်ပြုတာမျိုးလည်း မတွေ့ရသေးဘူးပေါ့။ ကိုလင်းပိုင်စိုးလို အခြားရဲဘော်တွေလည်း အစအနပျောက်နေတာမျိုး လည်းရှိတယ်။ ကျနော်တို့အနေနဲ့ သူတစ်နေရာရာမှာ အသက်ရှင်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ၎င်းက ပြောသည်။
ကိုလင်းပိုင်စိုးသည် ကျောက်ဆည်နည်းပညာတက္ကသိုလ် ဓာတ်သတ္တုပိုင်းဆိုင်ရာ နောက်ဆုံးနှစ် အင်ဂျင်နီယာ ကျောင်းသားတစ်ဦးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် ဂေါ်ရခါးလူမျိုးတစ်ယောက်ဖြစ်သည်။