By MPA
တနင်္သာရီတိုင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုမင်းမင်းသူသည် အောက်တိုဘာလ၂၅ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်းခံခဲ့ရကာ စစ်ကြောရေးစခန်းသို့ ပို့ဆောင်ခံခဲ့ရပြီးနောက် အောက်တိုဘာလ၂၇ရက်နေ့တွင် သေဆုံးသွားခဲ့ပြီး လက်ရှိအချိန်ထိ အလောင်းပြန်လည်မရရှိသေးသည့်အတွက် သင်္ဂြိုဟ်ခြင်းမပြုလုပ်နိုင်သေးကြောင်းသိရသည်။
ကိုမင်းမင်းသူသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သည့်အတွက် ဓလေ့ထုံးစံအရ မြေမြှုပ်သင်္ဂြိုဟ်ခြင်းပြုလုပ်ရမည်ဖြစ်ကာ အလောင်းပြန်လည်မရရှိသည့်အတွက် သင်္ဂြိုဟ်ခြင်းမပြုလုပ်နိုင်သေးကြောင်း ကိုမင်းမင်းသူ၏မိသားစုဝင်ကဆိုသည်။
“သူတို့ပြောတဲ့နေ့ထဲက ညီမတို့လိုက်သွားတာ မရဘူးပေါ့။ အဲ့ဒီနောက်ပိုင်းမှာ သူတို့ဖက်က ဘာမှအကြောင်းကြားလာတာလည်းမရှိဘူး။ ညီမတို့ဖက်ကလည်းဘာမှစုံစမ်းလို့မရဘူး။ လောလောဆယ်တော့ အလောင်းမရသေးပါဘူး။ အဲ့အတွက် သင်္ဂြိုဟ်ခြင်းမပြုနိုင်သေးပါဘူး ” ဟု၎င်းကဆိုသည်။ ကိုမင်းမင်းသူသေဆုံးပြီဖြစ်ကြောင်းကို အောက်တိုဘာလ၂၇ရက်နေ့တွင် စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ရုံး(စရဖ)သည် တနင်္သာရီမြို့၊ ချောင်းကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့် အကြောင်းကြားခဲ့သည်ဟုသိရသည်။
အကြောင်းကြားသည့်အထဲတွင် ကိုမင်းမင်းသူသည် ကျန်းမာရေးမကောင်းသဖြင့် အောက်တိုဘာလ၂၆ရက်နေ့တွင် မြိတ်မြို့စစ်ဆေးရုံသို့ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ရကြောင်း၊အလောင်းထုတ်လိုလျှင် မြိတ်စစ်ဆေးရုံသို့လာရောက်ထုတ်ယူနိုင်ကြောင်း ပါဝင်သည်။
ထို့အတွက် မိသားစုအနေဖြင့် ကိုမင်းမင်းသူ၏ ရုပ်အလောင်းကိုရရှိနိုင်ရန်အတွက် မိသားစုအနေဖြင့် လူနာတင်ယာဉ်တစ်စီးဖြင့် သွားရောက်ခဲ့သော်လည်း အလောင်းကိုထုတ်ပေးခြင်းမရှိခဲ့ဘဲ မိသားစုဝင်များကိုပင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခဲ့သေးကြောင်း သိရသည်။
“ ၂၇ရက်နေ့ကပဲ သူ့အလောင်းယူဖို့ နာရေးကားနဲ့လိုက်သွားတယ်။ ကားထဲကနေ သူတို့ဖက်ကိုဖုန်းဆက်တော့လည်း အမြန်လေးလာခဲ့ဖို့ပြောတယ်။ ဟိုရောက်တော့ရင်ခွဲနေတယ်ဆိုပြီး မောင်းထုတ်လိုက်ကြတယ်။ အားလုံးကိုဖမ်းပစ်လိုက်မယ်ပြောလို့ ဖမ်းသွားတဲ့စရဖကိုယ်တိုင်ကပြောတယ် ”ဟု ၎င်းကဆိုသည်။
ကိုမင်းမင်းသူကို အကြမ်းဖက်စစ်တပ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ပတ်သက်သည်ဟူသော စွပ်စွဲချက်များနှင့် ဖမ်းဆီးသွားခြင်းဖြစ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများ၊ မူးယစ်ဆေးဝါးအမှုများဖြင့် တရားစွဲဆိုထားကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။
ကိုမင်းမင်းသူသည် အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပြီး စက်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးဖြစ်သည်ဟု သိရသည်။
ကိုမင်းမင်းသူ၏ ရုပ်အလောင်းပြန်လည်မရရှိခြင်းနှင့်ပတ်သက်ပြီး ”စဖရကိုယ်တိုင်က ဖမ်းမယ်လို့ခြိမ်းခြောက်လိုက်တဲ့အတွက် ဘယ်သူမှထပ်ပြီး အလောင်းရဖို့မဆက်သွယ်ရဲဘူး။ ဖြစ်နိုင်ရင် အစ္စလာမ်ဘာသာအရ မြေမြှုပ်သင်္ဂြိုဟ်ဖို့လို့တဲ့အတွက် အလောင်းကိုပြန်လိုချင်ပါတယ်။ အေးအေးဆေးဆေး သူ့အတွက် သင်္ဂြိုဟ်ပေးချင်ပါတယ် ” မိသားစုဝင်ကဆိုသည်။
အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ကိုဆန့်ကျင်သည့်လူငယ်များနှင့် ၎င်းတို့သံသယရှိသောသူများကို ဖမ်းဆီးလေ့ရှိပြီး စစ်ကြောရေးစခန်းများသို့ ပို့ဆောင်လျက်ရှိသည်။
အဆိုပါစစ်ကြောရေးစခန်းများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သော အခြားဘာသာဝင်များနှင့် လိင်စိတ်ကွဲပြားသူများကို ပိုမိုနှိပ်စက်လေ့ရှိပြီး သေဆုံးခဲ့ရသူများလည်း အများအပြားရှိနေသည်။
#အစ္စလာမ်ဘာသာဝင်တစ်ဦး#စစ်ကြောရေး၌သေဆုံး#သင်္ဂြိုဟ်ရန်အခက်တွေ့နေ#MPA
ကိုးကန့်တပ်၏ သေဒဏ်စီရင်မှု လူ့အခွင့်အရေး ချိုးဖောက်မှုအဖြစ် တော်လှန်ရေးရဲဘော်များလည်း ရှု့မြင်
ကိုးကန့်တပ် (MNDAA) က ၎င်းတို့၏ တပ်ဖွဲ့ဝင် သုံးဦးအား သေဒဏ်စီရင်ခံခြင်းအား ဥရောပသမဂ္ဂ(EU) က ကန့်ကွက်ခဲ့သည့်အပြင်၊ လူ့အခွင့်အရေး ချိုးဖောက်သည့် လုပ်ရက်တစ်ခုဖြစ်သည်ဟု တော်လှန်ရေးရဲဘော်များကလည်း ရှု့မြင်ကြောင်း ပြောဆိုမှုများရှိနေသည်။ ၂၀၂၄ခုနှစ်၊ ဧပြီ ၂၅ရက်တွင် EU...