ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော့နွဲရွာအနီး အကြမ်းဖက်စစ်တပ် နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်တို့ ယနေ့ တစ်နေ့ထဲ တိုက်ပွဲ ၃ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၅ ဦးသေ ၂၀ ဦး ဒါဏ်ရာရ ရှိခဲ့ကြောင်းသိရသည်။
“ သူတို့ဘက် က သေတဲ့လူနဲ့ ဒါဏ်ရာရ သူတွေကို ခုထိ မထုတ်ရသေးဘူး ဖြစ်တဲ့နေရာမှာရှိနေတုန်းပဲ။သေသူနဲ့ ဒါဏ်ရာရ သူများတယ် ညဘက်မှ ထုတ်ကယ်လို့ရမယ် သူတို့မတိုးရဲတော့ဘူး” လို့ KNLAနယ်မြေလုံခြုံရေး တပ်ဖွဲ့ ထံမှ သိရသည်။
ယနေ့မနက် ၈နာရီခန့် က တစ်ကြိမ်၊နေ့လည် ၁နာရီခန့်တစ်ကြိမ်၊ညနေ ၅ နာရီ ခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၅နာရီ ၄၀ အထိ ပစ်ခတ်မှု များဖြစ်ပွားနေကာ အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းသိရသည်။
ယနေ့မနက် ပိုင်းမှစတင်ကာ ကော့နွဲရွာအနီးတွင် KNLA နှင့် နယ်မြေကျူးကျော်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ ၅၅၆ တို့ တိုက်ပွဲဖြစ်ပွားခြင်းကာ လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီက ကော့နွဲကျေးရွာအနီးတစ်ဝှိက်တွင် ၎င်း၏ တပ်ဖွဲ့ဝင်များကိုဖြန့်ချထားသည်။
ကော့ကရိတ် မြို့အထက်ရှိ တစ်တန်နှင့် ကော့ကရိတ်မြို့အနီးရှိ ချောင်းတောင် အနီးတွင် အကြမ်းဖက်စစ်တပ်မှ အင်အားတိုးချဲ့ ထားပြီး မြဝတီ ရှိ တပ်များမှလည်း စစ်ကူလာပေးနေကြောင်းသိရသည်။
အကြမ်းဖက်စစ်တပ်၏ ခမရ (၅၅၆) ကို တပ်ရင်းမှုး နိုင်နိုင်လွင်မှ ဦးဆောင်ပြီး ၄င်းတပ်သည် အာရှလမ်းမကြီးကို လုံခြုံရေး ယူထားသည့် တပ်ဖြစ်သည်။
စစ်ကောင်စီ တပ်များမှ အာရှလမ်းမကြီးဘေးရှိ KNU ထိန်းချုပ်နယ်မြေ ကော့နွဲရွာ သို့ ယနေ့မနက်ပိုင်းမှ ကျူးကျော်လာခဲ့ပြီး ကော့နွဲရွာမှ မြို့ဟောင်း ရွာဘက်သို့ သွားရန်လုပ်ဆောင်နေခြင်းဖြစ်သည်။