နေပြည်တော်တွင်ဇဗ္ဗူသီရိမြို့နယ်တွင်အောက်တိုဘာ၃ရက်နေ့ညကစစ်မေးစရာများရှိသည်ဟုဆိုပြီးရဲများကနေအိမ်သို့လာရောက်ခေါ်ဆောင်သွားခြင်းခံရသည့် အသက်၁၆နှစ်အရွယ်ဇဗ္ဗူသီရိမြို့နယ်အခြေခံပညာကျောင်သားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)ဥက္ကဌကိုထွန်းအောင်ကျော်ကိုအောက်တိုဘာ၆ရက်နေ့အထိ အထိရဲတပ်ဖွဲ့က မိသားစုနှင့်တွေ့ခွင့်မပေးသေးကြောင်းသိရသည်။
“ ၃ရက်နေ့ညနေပိုင်းကရဲနှစ်ယောက်ရယ်အုပ်ချုပ်ရေးမှူးရယ်ပါပါတယ်။ပြီးတော့ခဏမေးစရာရှိတယ်။လိုက်ခဲ့ပါဆိုပြီးခေါ်သွားတာပါ။အခုထိသူ့သူ့မိသားစုကိုတွေ့ခွင့်မပေးသေးပါဘူး” ဟု၎င်းနှင့်နီးစပ်သူနေပြည်တော်ကျောင်းသားသမဂ္ဂမှကိုနေသမိုင်းကဟုဆိုသည်။
ကိုထွန်းအောင်ကျော်ကို အောက်တိုဘာ၃ရက်ညကဖမ်းဆီးကာဇဗ္ဗူသီရိရဲစခန်းသို့ခေါ်ဆောင်သွားခဲ့ကြပြီးနောက်ရဲတပ်ဖွဲ့ဝင်များက ၎င်း၏နေအိမ်သို့အဝတ်အစားများနှင့်၎င်းမှာလိုက်သောစာအုပ်များကိုညတွင်းချင်းယူဆောင်သွားခဲ့ကြသည်။
ထို့နောက်အောက်တိုဘာလ၅ရက်နေ့တွင်လည်းကိုထွန်းအောင်ကျော်၏နေအိမ်ကိုရဲတပ်ဖွဲ့မှထပ်မံရှာဖွေမှုများပြုလုပ်ခဲ့သည်။
အောက်တိုဘာလ၄ရက်နေ့နံနက်ကိုထွန်းအောင်ကျော်၏မိဘများမှရဲစခန်းသို့ ထမင်းသွားပို့ရာတွင်ရဲတပ်ဖွဲ့မှတရားရုံးချိန်းသွားနေကြောင်းပြန်ရောက်ပါကဖုန်းဖြင့်ဆက်သွယ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
ညနေပိုင်းတွင်ထပ်မံသွားရောက်ခဲ့ကြသော်လည်း တရားရုံးချိန်းမှပြန််မရောက်သေးကြောင်းသာရဲတပ်ဖွဲ့ကပြန်လည်ဖြေကြားခဲ့သည်။
အောက်တိုဘာလ၅ရက်နေ့တွင်ရဲစခန်းသို့သွားရောက်ရာတွင်ရဲတပ်ဖွဲ့ကစခန်း၌ရှိနေကြောင်းပြောကြားသော်လည်းတွေ့ဆုံခွင့်မပေးခဲ့ပေ။
“ရှိတယ်ဆိုတာသူတော့အပြောပဲရှိပါတယ်။ဖမ်းတာမကြာသေးဘူးတရားရုံးချိန်းသွားရတယ်ဆိုတည်းကမဟုတ်တာ။ကျနော်အထင်တော့စစ်ကြောရေးပို့လိုက်ကြပြီထင်တယ်။သူကတအားငယ်သေးတယ်။အရမ်းတက်ကြွပြီးယုံကြည်ချက်အတွက်ခေါင်းမာတတ်တော့သူ့အတွက်စိုးရိမ်မိတယ်ဗျ။” ဟုကိုနေသမိုင်းကပြောသည်။
အကြမ်းဖက်စစ်တပ်သည်တက်ကြွလှုပ်ရှားသူများကိုဖမ်းဆီးပြီးလျှင်စစ်ကြောရေးစခန်းများသို့ပို့ဆောင်စစ်ဆေးခြင်း၊အချင်းချင်းပြန်လည်ဖမ်းဆီးစေခြင်း၊နေရာများကိုလိုက်လံပြသခိုင်းခြင်းများပြုလုပ်သည့်အပြင်အသက်သေဆုံးသည်အထိနှိပ်စက်လေ့ရှိသည်။
စစ်ကြောရေး၏နှိပ်စက်သည့်ဒဏ်များကြောင့်ပြီးခဲ့သည့်ရက်ပိုင်းတွင်းကနေပြည်တော်မှသပိတ်ခေါင်းဆောင်တစ်ဦးကျဆုံးခဲ့ရသေးသည်။
အကြမ်းဖက်စစ်တပ်သည်လက်ရှိအချိန်တွင်နိုင်ငံနှင့်အဝှမ်း၎င်းတို့ကိုဆန့်ကျင်သူများကိုဖမ်းဆီးသတ်ဖြတ်မှုများပြုလုပ်လျက်ရှိနေသည်။နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)အောက်တိုဘာ၅ရက်နေ့အထိထုတ်ပြန်ထားသောစာရင်းများအရ စစ်တပ်သည်အပြစ်မဲ့ပြည်သူ၁၁၀၀ကျော်ကိုသတ်ဖြတ်ထားပြီး ၈၄၀၀ကျော်ကိုဖမ်းဆီးထားသည်။