ကော့ကရိတ်မြို့ အာရှလမ်းတွင် အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးတဲ့နောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး တပ်အင်အားတိုးချဲ့ခြင်းများကို ဆောင်ရွက်နေကြောင်းကို KLO FM ၏ သတင်းများအရသိရသည်။
“ ဒီကနေ့မနက်ပိုင်းက ကော့ကရိတ်မြို့ ကော့ကရိတ် – ကျိုက်ဒုံ အာရှလမ်းဆုံမှာ အရှေ့တောင်တိုင်း တိုင်းမှူးခရီးစဉ်ရဲ့ လုံခြုံရေးယူထားတဲ့ အကြမ်းဖက်စစ်အုပ်စုယာဉ်တန်းကို ခွဲထွက်ဒီကေဘီအေတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ၄ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိသွားခဲ့တာပါ။ “ ဟု သတင်းတွင်ရေးသားထားသည်။
ဒဏ်ရာရရှိသူများတွင် ကော့ကရိတ်မြို့အခြေစိုက် စကခ (၁၂)က G1 အဆင့်ရှိသည့် အရာရှိတစ်ဦးဖြစ်ပြီး ပေါင်ထိမှန်ဒဏ်ရာရရှိသွားကြောင်းသိရသည်။
ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
လက်ရှိတွင် မြဝတီမြို့နယ် ကနဲလေးဖက်မှ အံဖဂွင်ဘက်သို့ အကြမ်းဖက်စစ်သား ၁၀၀ ခန့်တက်လာနေကြောင်းကို မြေပြင်သတင်းပေးပို့ချက်များအရသိရသည်။
ဒါ့အပြင် ကော့ကရိတ်မြို့နယ် နဘူးတိုက်နယ်က အကြမ်းဖက်စစ်အုပ်စု တပ်ရင်း(၅၄၈) အကျော်တွင် စစ်အုပ်စုယာဉ်တန်း ရောက်ရှိနေကြောင်းသိရသည်။
လက်ရှိတွင် အကြမ်းဖက်စစ်တပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ကိုကိုမောင်သည် မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဗျူဟာတွင် ရောက်ရှိနေကြောင်းသိရသည်။