By Haythar / MPA
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းကို ယနေ့ည ရှစ်နာရီခွဲဝန်းကျင်မှစတင်ကာ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးဆက်တိုက်ကြဲချနေကြောင်းသိရသည်။
မိုးကုတ်မြို့ပေါ်တွင် ယနေ့ (ဇွန် ၂၆ရက်) နံနက်ခြောက်နာရီမှစတင်ပြီး စစ်ကောင်စီတပ်နဲ့TNLA တပ်တို့တိုက်ပွဲပြင်းထန်ခဲ့ကာ ယနေည၌ ရှစ်နာရီခွဲမှ ကိုးနာရီခွဲ အထိ လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း မိုးကုတ်မြို့ခံတစ်ဦးထံက သိရသည်။
“ လေယာဥ်ဝဲနေတာ သုံးမိနစ်လောက်ရှိတယ်။ မီးကလည်း System breakdown ဆိုပြီးပြတ်သွားတယ်။တစ်မြို့လုံးမီးမလာဘူး။ လေယာဥ်ကလည်း ဆက်တိုက်ကြဲနေတယ်။ ကိုးနာရီခွဲထိ” ဟု မိုးကုတ်မြို့အနောက်ပိုင်းနေ ပြည်သူတစ်ဦးက MPAသို့ ပြောသည်။
ညကိုးနာရီခွဲနောက်ပိုင်းတွင် လေယာဉ်ဝဲနေသံကို ကြားရသေးကြောင်း ဗုံးကျရောက်သည့်နေရာနှင့် ထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။
မိုးကုတ်မြို့နယ်ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေသာယာ၊ဗျူဟာစခန်းကုန်း၊ဖြူရောင်စခန်းနှင့်ပန်းသပြေစစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း TNLAက ယနေ့ သတင်းထုတ်ပြန် ထားသည်။
မိုးကုတ်မြိုနှင့် ကျောက်မဲမြိုများကို မဟာမိတ်များနှင့်လက်တွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကလည်း ယနေ့ညတွင် သတင်းထုတ်ပြန်သည်။