ထိုင်းနိုင်ငံမှ မြန်မာစစ်တပ်သို့ တင်ပို့သည့် စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများတန်ဖိုးသည် နှစ်ဆ တိုးလာပြီး အမေရိကန်ဒေါ်လာသန်း၁၂၀ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်တွမ်အင်ဒရူးက ပြောသည်။
မြန်မာနိုင်ငံအတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုများသည် အဆင့်အချို့၌ အောင်မြင်မှုရှိခဲ့သော်လည်း စစ်ကောင်စီသည် အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများကို တိုက်ခိုက်နှိမ်နင်းရန် ငွေကြေးနှင့်လက်နက်များ ရယူနိုင်ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး၏ ယနေ့ထုတ်ပြန် သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
“စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြန်မာနိုင်ငံကဘဏ်တွေနဲ့ စီးပွားရေးလုပ်ချင်ကြတဲ့ အခြားငွေကြေးအဖွဲ့အစည်းတွေအပေါ် မှီခိုပြီး စစ်ကောင်စီက ဘဏ္ဍာရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်ဖို့ အသင့်ရှိနေတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများသည် ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဒေါ်လာ သန်း ၁၂၀ တန်ဖိုးရှိ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းပေးခဲ့ပြီး ယခင်နှစ်ကထက် ဒေါ်လာ သန်း ၆၀ မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
ထင်ရှားသော ဥပမာတစ်ခုအနေဖြင့် ၂၀၂၃ခုနှစ် တွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားသော ကုမ္ပဏီများသည် စစ်ကောင်စီ၏ Mi-17 နှင့် Mi-35 ရဟတ်ယာဉ်များ၏ အပိုပစ္စည်းများကိုထောက်ပံ့သည့် အရင်းအမြစ် ဖြစ်လာခဲ့ကြောင်း ဆိုသည်။
စစ်ကောင်စီသည် စစ်သားများကို ပို့ဆောင်ရန်နှင့် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် အဆိုပါ ရဟတ်ယာဉ်များအား အသုံးပြုလေ့ရှိ ကြောင်း ၂၀၂၃ ခုနှစ်၊ ဧပြီလက ကလေးငယ် ၄၀ အပါအဝင် လူ ၁၇၀ ခန့် သေဆုံးခဲ့သည့် စစ်ကိုင်းတိုင်း၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ရာ၌ ယင်းရဟတ်ယာဉ်များ အသုံးပြုခဲ့ကြောင်း အစီရင်ခံစာ တွင် ဖော်ပြထားသည်။