By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရှင်မကန်ပျူစောထီးရွာကို ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၀ဦး သေဆုံးကာ သေနတ်ခြောက်လက် သိမ်းဆည်းမိခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန်လ ၂၅ ရက်) နံနက် ငါးနာရီကျော်တွင် အင်အား ၅၀ခန့်ရှိ ရှင်မကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၅၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ဒီမို ကရက်တစ်တပ်တော် (PDA) က သတင်းထုတ်ပြန်သည်။
“ ကျတော်တို့ တစ်ရွာလုံးကို စီးနင်းပြီး နယ်မြေရှင်းလင်းရေး ပြုလုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ရွာထဲက စခန်းတွေကို မီးရှို့ဖျက်ဆီးတာတော့ မလုပ်နိုင်ခဲ့ဘူး” ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) မှ နိုင်ငံရေးတာဝန်ခံက MPA သို့ ပြောသည်။
ယင်းတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် ဧရာဒေါင်း တပ်ဖွဲ့မှ ရဲဘော်ဟီးရိုး စစ်ကောင်စီတပ်၏ ကျည်ထိမှန်ကာ ကျဆုံးခဲ့ပြီး ပျူစောထီးတစ်ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
“ ကျဆုံးရဲဘော်က တိုက်ပွဲဖြစ်ပွားနေစဉ်မှာ ရန်သူကျည်မှန်ပြီး ကျဆုံးခဲ့တာပါ။ ခေါင်းကို တစ်ချက် ၊ ရင်ဘတ်ကို တစ်ချက်ထိမှန်တာပါ။ ဆေးကုသခွင့်မရလိုက်ဘူး။ သုံ့ပန်းကတော့ လက်နက်ချခဲ့တာ။ မိတဲ့အချိန်မှာ ဒဏ်ရာရထားတော့ လောလောဆယ် ဆေးကုပေးပြီး နယ်မြေခံအဖွဲ့ကို လွှဲပြောင်းပေး ထားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
အဆိုပါတိုက်ပွဲတွင် ကာဘိုင်အမျိုးအစား သေနတ် လေးလက် ၊ ဘီအေ (63) အမျိုးအစား သေနတ် တစ်လက် ၊ လက်လုပ်သေနတ် တစ်လက် ၊ ကာဘိုင်သေနတ်ပြောင်း နှစ်ပြောင်း ၊ လက်ပစ်ဗုံး နှစ်လုံး ၊ လမ်းလျှောက်စကားပြောစက် တစ်လုံး ၊ ကျည်မျိုးစုံ ၅၀၀ ဝန်းကျင် နှင့် အခြားဆက်စပ် ပစ္စည်းများ အား သိမ်းဆည်း ရရှိခဲ့ကြောင်း PDA က ထုတ်ပြန်ထားသည်။
ပျူစောထီးများ သေဆုံးမှုနှင့် ပက်သက်၍ MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
ယင်းတိုက်ခိုက်မှုကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ABSDF အမှတ် သုံး စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓားမင်းကြီးတပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပေါက်)၊ PDF Kanma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊7 star (မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giant နဂါးနီ နှင့် ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။