By Nway / MPA
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှ သန်းခေါင်ကျော်အချိန် ခေါ်ထုတ်ခြင်းခံရသော နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ယနေ့ (ဇွန်၁၅ရက်) နံနက် နှစ်နာရီခွဲခန့်တွင် နိုင်ငံရေးအကျဉ်းသားနှင့် အခြားအမှု စုစုပေါင်း ၁၆၀ခန့်ကို နှစ်ယောက်တစ်တွဲစီ သံခြေကျင်းခတ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်ပြီး အင်းစိန်ထောင် ၌ ခရီးတစ်ထောက်နားကာ သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်သို့ ပြောင်းရွေ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်ထံက သိရသည်။
“ ဒိုက်ဦးထောင်ကိုတော့ တချို့တစ်ဝက်ရောက်နေပြီလို့ သိရတယ်။ သာယာဝတီထောင်ကိုတော့ ရောက်၊မရောက်ရယ် နောက်ပြီး လူဦးရေ ဘယ်လောက်ရောက်သွားတယ်ဆိုတာကို မသိရသေးဘူး” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ၊ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက MPAသို့ ပြောသည်။
ဇွန်လ ၁၂ ရက်၊ ညနေပိုင်းတွင် ကျိုက်မရောအကျဉ်းထောင် အမျိုးသမီးအဆောင်နှင့်အမျိုးသားအဆောင်ကြား အုတ်ရိုးပေါ် သွပ်ကာရာမှ အကျဉ်းသားတစ်ဦး ဓာတ်လိုက်၍ အမြင့်ပေ ၂၀ကျော်မှ ပြုတ်ကျခဲ့ကြောင်း ၊ ပြုတ်ကျခဲ့သည့် အကျဉ်းသားအား ဆေးဝါးကုသနိုင်ရန် ဝိုင်းဝန်းတောင်းဆိုခဲ့ကြကြောင်း သိရသည်။
“ အကျဉ်းသားက အမြင့်ပေါ်က ပြုတ်ကျတာကို သိတဲ့လူတွေက ပြေးလာကြပြီး ဝိုင်းအော်ကြတယ်။ ဒါကို သူတို့ ( ထောင်အာဏာပိုင်များ ) ဘက်က လူစုလူဝေးလုပ်တယ်လို့ ထင်နိုင်တယ်။ ဒါပေမဲ့ အဲဒီဖြစ်စဉ်ပြီးတဲ့နောက်ပိုင်းမှာ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေပဲ ရှိခဲ့တယ်။ ဒီမနက်ကျမှ ရုတ်တရက် ထောင်ပြောင်းတာဆိုတော့ ဒါကို ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်နေတယ်လို့ ပြောလို့ရပါတယ် ” ဟု ၎င်းကပြောသည်။
ဓာတ်လိုက်ပြီး ပြုတ်ကျခဲ့သည့်အကျဉ်းသား ကိုအောင်ချစ်ထွေးကို မော်လမြိုင်ဆေးရုံသို့ ပို့ ဆောင်ခဲ့ပြီး ဦးခေါင်းခွဲစိတ်ကုသမှု ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။