By Ko Paing / MPA
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းမှ ထွက်လာသော စစ်သားများကို အနီးကပ်ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးပြီး သေနတ်နှစ်လက် သိမ်းဆည်းရရှိကြောင်း Pakoku People Defense Force-PPDF က သတင်းထုတ်ပြန်သည်။
ယနေ့ (ဇွန်၁၅ရက်) ၊ နံနက် ၁၁ နာရီဝန်းကျင်တွင် ကိုင်းတောမနယ်မြေရဲစခန်းမှ အရှေ့ဘက်သို့ စစ်သား ၁၅ ဦး ခြေလျင်ထွက်လာစဉ် မီတာ ၅၀ အကွာအရောက် အနီးကပ် ပစ်ခတ်ခဲ့ရာ MA1 သေနတ်နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
“ကျနော်တို့ ပစ်ပြီး သူတို့ဘက်က နှစ်ယောက် အရင် လဲကျသွားတော့ သူတို့စခန်းဘက်ကို ပြန်ပြေးချိန်မှာ တစ်ယောက် ထပ်ကျတယ်။အဲ့ကောင် သေနတ်ကိုတော့ သူတို့ကောက်သွားတယ်။အလောင်းတွေကိုတော့ ဒီအတိုင်းထားခဲ့တာ။ပြီးမှ အလောင်းတွေကို လာတော့ ဆွဲသွားတယ်”ဟု Pakoku People Defense Force-PPDF မှ တာဝန်ရှိသူတစ်ဦး က MPAသို့ ပြောသည်။
သေဆုံးစစ်သားများကို ကိုင်းတောမရဲစခန်းမှ စစ်သားများ ပြန်လာသယ်ပြီးနောက် အနီးဝန်းကျင်ရှိ အိမ်ထဲသို့သွင်းကာ အလောင်းများအား မီးရှို့သွားကြောင်းသိရသည်။
“ဒီ ၁၅ ယောက်က ပုံမှန် ကင်းပတ်တယ်။ရိက္ခာရရင် ရိက္ခာယူတယ်။ကျနော်တို့ဘက်က ကြိုတင် သတင်းရလို့ အသာစီးရလို့ ပစ်ခတ်တာမှာ စစ်သား သုံးဦးသေတယ်။ကျန်တဲ့ကောင်တွေက ရဲစခန်းဘက်ကို ပြန်ပြေးတယ်။တိုက်ပွဲကြာချိန်က ၁၅ မိနစ်ထဲပါ” ဟု Young Force UG မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန် ကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)၊ပခုက္ကူအခြေစိုက်စုဖွဲ့မှုတပ်ရင်းတပ်ဖွဲ့၊Earthquake People’s Defense Force၊Young Force UG၊Hunter PKU၊မြိုင်(ပကဖ)၊Justice Revolution Forceနှင့် Thu Rain TR တို့မှ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။