အိန္ဒိယနိုင်ငံထဲသို့ တရားမဝင်ရွှေ့ပြောင်းလာသော မြန်မာနိုင်ငံသားများကို ပြန်ပို့ရန် နာဂလူမျိုး အဖွဲ့အစည်းများက တောင်းဆိုခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံရှိ နာဂလူမျိုးအဖွဲ့အစည်းများသည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများနှင့် ထွက်ပြေး တိမ်းရှောင်လာသော မြန်မာနိုင်ငံသားများကို ၎င်းတို့၏နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန် ပြည်ထဲရေးဝန်ကြီး Amit Shah ထံ ဇွန်၁၄ရက်က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ရှိ Imphal Free Press သတင်းစာ၌ ဖော်ပြထားသည်။
မေလ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ညီညွတ်သော နာဂကောင်စီ (UNC)၊ နာဂအမျိုးသမီးအစည်းအရုံး (NWU)၊ မဏိပူရ နာဂကျောင်းသားများသမဂ္ဂ (ANSAM) နှင့် နာဂလူမျိုးများ၏ လူ့အခွင့်အရေးလှုပ်ရှားမှု (NPMHR-South)အဖွဲ့တို့သည် မဏိပူရပြည်နယ်၊ ကမ်ဂျုံးခရိုင်ရှိ အိန္ဒိယ-မြန်မာနယ်စပ်ဒေသသို့ သွားရောက်ကာ အချက်အလက်ရှာဖွေရေးများ ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာမှ စတင်ကာ ကမ်ဂျုံးခရိုင်ထဲသို့ မြန်မာနိုင်ငံသားအများအပြား ဒုက္ခသည်အဖြစ် ဝင်ရောက်လာခဲ့သည်။
မဏိပူရပြည်နယ်၊ တန်ခူးလ်နာဂကျေးရွာ ရှစ်ရွာတွင် ခိုလှုံနေသူ ၅၄၅၇ ဦးခန့်ရှိပြီး ၎င်းအရေအတွက်သည် ဒေသခံအရေအတွက်ထက် အဆမတန်ကျော်လွန်နေကြောင်း သိရသည်။
လူပေါင်း ၅၁၇၃ ဦး၏ ဇီဝမက်ထရစ်ကို မှတ်တမ်းတင်ထားသော်လည်း ယာယီဒုက္ခသည်စခန်းများတွင် ဒုက္ခသည်ဦးရေ အပြောင်းအလဲရှိနေပြီး အာဏာပိုင်များက စိစစ်ရေးလုပ်ငန်းများကို ပုံမှန်မလုပ်ဆောင်နိုင်ကြောင်းသိရသည်။
တိုက်ပွဲဝင်မည့်ပုံစံ စစ်ဝတ်စုံများ ဝတ်ဆင်ထားသည့်အမျိုးသားများ ရှိနေခြင်းသည် ရွာသားများအကြား အကြောက်တရားနှင့်လုံခြုံမှုမရှိခြင်းတို့ကို ဖြစ်စေကြောင်းလည်း ဆိုသည်။