By Nway / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ စစ်ကောင်စီအထိုင်ချစခန်းကို ယနေ့နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးခြောက်လုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ / ရေဦး PDF က သတင်းထုတ်ပြန် သည်။
ယနေ့ (ဇွန် ၁၅ ရက်) နံနက် ၁၀နာရီ မိနစ်၂၀ခန့်က ရေဦးမြို့ မြောက်ဘက်ဂိတ် စစ်ကောင်စီအထိုင်ချစခန်းကို Fixed Wing Drone များဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။
“ စစ်ကောင်စီစခန်းမှာ အင်အားက အမြဲ အပြောင်းအလဲရှိတယ်။ လောလောဆယ်တော့ အင်အား ၂၀ ရှိတယ်လို့ သိရတယ်။ ဗုံးသီး ခြောက်လုံးကို နှစ်ကြိမ်ခွဲပြီး ချခဲ့တာပါ ” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ / ရေဦး PDF၊ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မြတ်ထင်က MPA သို့ ပြောသည်။
ဗုံးကြဲတိုက်ခိုက်နေစဉ် စစ်သားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
“ ဒရုန်းနဲ့ချတုန်းကတော့ လက်နက်ငယ်တွေနဲ့ မိုးပေါ်က ဒရုန်းတွေကို လိုက်ပစ်တာမျိုးရှိတယ်။ ဒါပေမဲ့ ဒရုန်းရော လူရော ထိခိုက်မှုမရှိဘူး ။ စစ်ကောင်စီတပ်သားတွေဘက်က ထိခိုက်မှုနဲ့ ပတ်သက်ပြီး ကျတော်တို့ စုံစမ်းနေပါတယ်” ဟု ၎င်းကပြောသည်။
ဇွန်လ၁၃ရက်ကလည်း ရေဦးမြို့၊ တိုင်းရင်းဆေးရုံအခြေစိုက် တပ်စခန်းတွင် အစည်းအဝေးပြုလုပ်နေ စဉ် ဗုံးကြဲခဲ့ရာ စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း ရေဦးPDF က ထုတ်ပြန်ထားသည်။