စစ်ကိုင်းတိုင်းဒေသကြီး၊တန့်ဆည်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်မှမွေးမြူထားသောပျူစောထီးခေါင်းဆောင်၊အလုပ်သမားနှင့် မိသားစုဝင် စုစုပေါင်းငါးဦးသည် စက်တင်ဘာလ၁၉ရက်နေ့ ညပိုင်းတွင် သေနတ်အပစ်ခံရပြီး သေဆုံးခဲ့သည်။
တန့်ဆည်မြို့နယ်၊ ကာပေါင်းကျေးရွာ၌ စစ်တပ်ဝင်စီးခဲ့သည့်ဖြစ်စဉ်အတွက် အကြမ်းဖက်စစ်တပ်ကိုသတင်းပေးသည်ဟုယူဆရသည့် လိပ်ခြံကျေးရွာမြောက်ဘက်ရှိ ချေးချောင်း(ရွှေတော)မှ ဦးဆန်းဝင်းကိုအဖွဲ့တစ်ခုက လာရောက်သုတ်သင်ရှင်းလင်းခဲ့ရာ ခုခံပစ်ခတ်ခဲ့သည့်အတွက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ဦးဆန်းဝင်းအပါအဝင် မိသားစုဝင်များနှင့်အလုပ်သမားစုစုပေါင်း ငါးဦးသည် သေနတ်ထိမှန်ပြီး သေဆုံးခဲ့ရခြင်းဖြစ်သည်။
“ဘယ်အဖွဲ့ကလည်းတော့ ပြောဖို့အဆင်မပြေသေးပါဘူး။ တရားဝင်ထုတ်ပြန်တာမျိုးမရှိသေးဘူး။ ဖြစ်စဉ်ကတော့ ဒလန်ရှင်းတဲ့ဖြစ်စဉ်ပါ။ အဲ့မှာ ဘေးကလူတွေက ဝင်ရှုပ်တော့ သူတို့ပါထိသွားကြတာမျိုးပါ” ဟု တန့်ဆည်မှ ပြည်သူ့တော်လှန်ရေးသမားတစ်ဦး ကဆိုသည်။
သေဆုံးမှုတွင် အမျိုးသားလေးဦး ပါဝင်ပြီး အမျိုးသမီးတစ်ဦး ပါဝင်သည်ဟု သိရသော်လည်း မိသားစုဝင်အရေအတွက် နှင့် အလုပ်သမား အရေအတွက်တို့ကို အတည်ပြုနိုင်ရန်အတွက် ဆက်လက်စုံစမ်းလျက်ရှိနေဆဲဖြစ်သည်။
ပစ်ခတ်မှုဖြစ်စဉ်တွင် ပျူစောထီးဘက်မှလူများသည် ပြန်လည်ပစ်ခတ်မှုများရှိနေပြီး ၎င်းတို့သည် တူမီးများဖြင့်ပစ်ခတ်သည် သို့မဟုတ် မည်သည့်သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ကို သိရှိရခြင်းမရှိသေးချေ။
လက်ရှိအချိန်ထိ ပျူစောထီးခေါင်းဆောင်ကို သုတ်သင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့မျှ သတင်းပြန်ကြားခြင်းမရှိသေးသည်ကို တွေ့ရသည်။
စစ်တပ်သတင်းပေး ဒလန်များ၏လက်ချက်ကြောင့် ဩဂုတ်လ၂၆ရက်နေ့တွင် စစ်တပ်က ရွာထဲသို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့၏လက်ချက်ကြောင့် ရွာသား၁၀ဦး သေဆုံးခဲ့ရသည့်အပြင် ရွာသား၃၀၀၀ကျော် ထွက်ပြေးခဲ့ရသည်။
ပျူစောထီးအဖွဲ့သည် စစ်တပ်မှ မွေးမြူထားသည့် စစ်မှုထမ်းဟောင်းများ၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်များနှင့် မဘသများဖြင့်ဖွဲ့စည်းထားသောအဖွဲ့တစ်ခုဖြစ်သည်။
၎င်းတို့သည် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့်သူများကို အကြမ်းဖက်စစ်တပ်ထံသို့ သတင်းပေးခြင်း စစ်တပ်၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင်ခြင်းများကြောင့် ယခုကဲ့သို့သုတ်သင်ရှင်းလင်းမှုများ ပြုလုပ်နေကြရခြင်းဖြစ်သည်။