ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခတ်ချိုကျေးရွာသို့ စစ်ကောင်စီ လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အရပ်သားပြည်သူ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ ခုနှစ်၊ မေ ၂၁ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် မြစ်ကြီးနားမြို့ရှိ စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) မှ ပစ်ခတ်သော လက်နက်ကြီးကျည် လေးလုံးခန့်မှာ ခတ်ချိုကျေးရွာ၊ ကွက်သစ်ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
“ အမျိုးသမီး လေးယောက်နဲ့ အမျိုးသားတစ်ယောက် လက်နက်ကြီးစ ထိကြတာ၊ ဆီးခုံမှန်တဲ့ အမျိုးသမီးကိုတော့ မြစ်ကြီးနားဆေးရုံလွှဲလိုက်ပြီ၊ ဝိုင်းမော်ဘက်ကနေ မြစ်ကြီးနားကိုကူးတဲ့ ကူးတို့ဆိပ်တွေက ပိတ်ထားကြပြီ၊ တချို့က ပြေးဖို့ ခက်ခဲနေကြသူတွေလည်း ရှိတယ်” ဟု ခတ်ချိုကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်ထူဖူဆာ၊ အသက် ၄၁ နှစ်အရွယ်ရှိ ဒေါ်ဒါမလီ၊ အသက် ၃၆ နှစ်အရွယ်ရှိ ဒေါ်လာမဆီး၊ အသက် ၃၀ နှစ်အရွယ်ရှိ ကိုသားချောနှင့် အသက် ၂၉ နှစ်အရွယ်ရှိ မစန်းစန်းမြင့်တို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
“ စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်အခြမ်းက ဖရောကျေးရွာကိုလည်း လေယာဥ်ပေါ်ကနေ သေနတ်နဲ့ပစ်တာတဲ့၊ ဝိုင်းမော်ဘက်အခြမ်းမှာလည်း လက်နက်ကြီးကျတာ နှစ်ရက်ရှိပြီ၊ စစ်ကောင်စီက မြစ်ကြီးနားကို အဝင်အထွက်တွေ ပိတ်မယ်လို့ ကြားတယ်” ဟု မြစ်ကြီးနားမြို့ပေါ်၌ နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဝိုင်းမော်မြို့နယ်ရှိ ဌာနဆိုင်ရာရုံးပေါင်းစုံမှ ဝန်ထမ်းများမှာ ပစ္စည်းများသယ်ယူ၍ နေရာရွေ့ပြောင်းမှုများ ပြုလုပ်နေပြီး၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ဝိုင်းမော်မြို့နယ်ရှိ ခတ်ချို၊ နောင်ဟီး၊ မခန္တီး၊ စန်းကား၊ တာစန်း၊ ခန့်လုံး၊ မိုင်းမော်၊ အင်းလေးနှင့် နောင်စီပေါကျေးရွာများမှ ပြည်သူများမှာလည်း နီးစပ်ရာနေရာများသို့ စစ်ရှောင်လျက်ရှိကြောင်း သိရသည်။
“ တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ထိ ရောက်နေပြီ၊ အခုည (မေ ၂၁ ရက်) ထိကို လေယာဥ်လာတုန်းပဲ၊ ဝိုင်းမော်ရဲစခန်းလည်း ဒရုန်းနဲ့ချတာ အသေအပျောက်ရှိတယ်လို့ ကြားတယ်။ ဝိုင်းမော်မှာ ခလရ ၅၈ တပ်ရင်းဘဲ ရှိတော့တယ်။ ရုံးတွေကလည်း ဘယ်ပြောင်းနေကြလဲ မသိရဘူး။ စစ်ရှောင်တာကတော့ ဘုန်းကြီးကျောင်းတွေ၊ တောတောင်တွေပေါ့၊ မြစ်ကြီးနားမြို့ပေါ်ကိုလည်း ပြောင်းကြ ရွေ့ကြတာရှိတယ်” ဟု ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေ ၂၀ ရက်တွင် မြစ်ကြီးနားမြို့၊ ကြက်ပေါင်ခြံရပ်ကွက်၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သားပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-22-124528_002-768x1024.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-22-124528_003-768x1024.jpeg)
![](https://mpapress.com/wp-content/uploads/2024/05/signal-2024-05-22-124528_004-768x1024.jpeg)