ကရင်နယ်ခြားစောင့်တပ် BGF / ကရင်အမျိုးသားတပ်မတော် KNA တပ်၏စီးပွားရေးလုပ်ငန်းများ၊ အဆိုပါအဖွဲ့၏ ခေါင်းဆောင်ဗိုလ်မှူးကြီး စောချစ်သူ (စံမြင့်) မိသားစုအပါအဝင် အဓိကလူပုဂ္ဂိုလ်များအပေါ် အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုများချမှတ်ရန် Justice For Myanmar က နိုင်ငံတကာသို့ တောင်းဆိုလိုက်သည်။
BGF/KNA တပ်၏ ကော်ပိုရိတ်ဖွဲ့စည်းပုံနှင့် ဒေသတွင်းကွန်ရက်များအပေါ် Justice For Myanmar ၏ သုတေသန လေ့လာမှုအတွင်းတွင် အချက်အလက်အသစ်များအဖြစ် အဆိုပါပြည်သူ့စစ်အဖွဲ့သည် တရားမဝင်စီးပွားရေးလုပ်ငန်းများ၌ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ တရုတ်နှင့် ဟောင်ကောင်နိုင်ငံများမှ ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များနှင့်အတူ ပါဝင်ပတ်သက်နေကြောင်း ဖော်ထုတ်ထားသည်။
ထိုအထဲတွင် အွန်လိုင်းငွေကြေးလိမ်လည်သည့် ဒုစရိုက်လုပ်ငန်းများ၊ တရားမဝင်ကာစီနိုရုံများနှင့် တရားမဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းများ ပါဝင်နေကြောင်း သိရသည်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “BGF/KNA တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေအတွက်တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး၊ ဒီရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူခံရခြင်း အလျဉ်းမရှိဘဲ ကျူးလွန်နေပါတယ်။ ဒေသတွင်းအာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ၎င်းတို့နိုင်ငံသားတွေ၊ နိုင်ငံတွင်းနေထိုင်သူတွေနဲ့ ကုမ္ပဏီတွေရဲ့ ပါဝင်ပတ်သက်မှုကို စုံစမ်းစစ်ဆေးရေး ယခုထက်ပိုမိုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” ဟု ထုတ်ဖော်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရန်နှင့် ကျူးလွန်သူများကို တာဝန်ခံစေရန်အတွက် နိုင်ငံတကာ အရေးယူမှုများ လုံလောက်မှုမရှိသေးသည့် အခြေအနေတွင် BGF/KNA တပ်နှင့် စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများက ဆက်လက်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
မလေးရှားနှင့် ထိုင်းနိုင်ငံ အပါအဝင်ဒေသတွင်းရှိ အခြားသော အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်ကြသည့် ၎င်းတို့၏ နိုင်ငံသားများနှင့် နိုင်ငံအတွင်းနေထိုင်သူများအား စုံစမ်းစစ်ဆေးရန်နှင့် တာဝန်ခံစေရန်လည်း Justice For Myanmar က တောင်းဆိုသည်။
“၂၀၂၅ ခုနှစ်မှာ အာဆီယံဥက္ကဌဖြစ်လာမယ့် မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံတွင်း ရာဇဝတ်မှုလုပ်ငန်းတွေမှာ ၎င်းတို့နိုင်ငံသားတွေ ပါဝင်ပတ်သက်မှုတွေ ပပျောက်အောင် တိုးမြှင့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထိုင်းနိုင်ငံဟာ တရားမဝင်စစ်အုပ်စုနဲ့ စီးပွားရေးလုပ်ဆောင်မှုတွေကတစ်ဆင့် မြန်မာနိုင်ငံတွင်းက နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်နေဆဲဖြစ်သလို၊ BGF/KNA တပ်ကို ကူညီထောက်ပံ့ပြီး အကျိုးအမြတ်တွေရရှိနေတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေအပေါ်မှာလည်း လုံလောက်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့အနေနဲ့ ၎င်းတို့ရဲ့ ကုမ္ပဏီတွေနဲ့ နိုင်ငံသားတွေက မြန်မာပြည်သူတွေအပေါ် ပိုမိုထိခိုက်ပျက်စီးစေတာမျိုးတွေကို ခွင့်ပြုပေးနေခြင်းထက် မြန်မာ့အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်ရေး အခုကစပြီး လမ်းကြောင်းပြောင်းလဲ ကျင့်သုံးလုပ်ဆောင်ဖို့ လိုအပ်နေပါပြီ” ဟု မရတနာမောင်က ထပ်မံပြောကြားခဲ့သည်။
မြဝတီမြို့တွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ကာစီနိုလုပ်ငန်းများအတွက် အလုပ်ခေါ်ယူပေးနေသူတစ်ဦးက “ဒီလိုပြသနာတွေက အခုမှကြားရတာတော့မဟုတ်ဘူးပေါ့၊ အရင်ကတည်းကရှိနေတာ ပြောရရင်အရင်ကတည်းက နှိမ်နင်းနေတာပေါ့ ဒီလုပ်ငန်းတွေကို ဒါပေမဲ့ဖြစ်မလာဘူးလေ၊ သူတို့ အကြီးပိုင်းတွေ ခေါင်းဆောင်ပိုင်တွေအားလုံးက ပေါင်းစားနေကြတာလေ ဘယ်လိုလုပ်ဖြစ်လာနိုင်မလဲ”ဟု ဆိုသည်။
လက်ရှိတွင်လည်း အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နှင့် လောင်းကစားလုပ်ငန်းများတွင် လုပ်ငန်းဆောင်ရွက်နေကြသော နိုင်ငံခြားသားများအားလုံး အောက်တိုဘာလတွင် နောက်ဆုံးထားထွက်ခွာရမည်ဟု BGF/KNA က ယခုလပထမပတ်က ထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း လုပ်ငန်းများမှာဆက်လက်လည်ပတ်ကောင်းနေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။