ကွန်မြူနစ်ပါတီ (တရုတ်)နှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများက စက်တင်ဘာလ(၉)ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခုကို မြန်မာနိုင်ငံမှ ပါတီ(၄)ပါတီတက်ရောက်ခဲ့ကြပြီး မြန်မာ့အရေးနှင့်ပတ်သက်ပြီးဆွေးနွေးခြင်းမရှိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ(၉)ရက်နေ့တွင် “ နိုင်ငံရေးပါတီများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဆီသို့” ခေါင်းစဉ်ဖြင့်ကွန်မြူနစ်ပါတီ (တရုတ်)နှင့်အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ အစည်းအဝေးပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
“ အချိန်ကအကန့်အသတ်ရှိတဲ့အတွက် အစည်းအဝေးအစီစဉ်ကို နဂိုထဲက ချုံ့ထားပါတယ်။ အဲ့အတွက် (၁၀)ပါတီလောက်ပဲဆွေးနွေးခွင့်ရခဲ့တာပါ။ ကျနော်တို့ကိုဖိတ်စဉ်တည်းက ဆွေးနွေးဖို့အတွက်အစီစဉ်မပါတာပါ” ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားပြုအဖြစ်တက်ရောက်ခဲ့သူ စမ်းချောင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌ ဦးဘိုဘိုက MPAသို့ပြောသည်။
အစည်းအဝေးကို နိုင်ငံပေါင်း(၁၆)နိုင်ငံမှ ပါတီပေါင်း (၄၀) ကျော် တက်ရောက်လာခဲ့ပြီး မြန်မာနိုင်ငံမှ ဖိတ်ကြားခြင်းခံခဲ့ရသည့် ပါတီ(၄)ပါတီလည်း တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ တက်ရောက်ခဲ့ကြသည်။
အချိန်အကန့်အသတ်အရ ဆွေးနွေးခဲ့ရခြင်းမရှိသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပုံအပါအဝင် ပါတီအလံဖြင့် တက်ရောက်ခဲ့ခြင်းကို တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် သေသေချာချာမှတ်တမ်းတင်ပေးခဲ့သည်ဟု ဦးဘိုဘိုကဆိုသည်။
အဆိုပါအစည်းအဝေးတွင်ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများသာဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့အရေးနှင့်ပတ်သက်ပြီး သီးသန့်ဆွေးနွေးခဲ့ခြင်းမရှိကြောင်းသိရသည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားခဲ့မှုနှင့် အစည်းအဝေးတက်ရောက်ခဲ့မှုအပေါ်တွင် ဝေဖန်သူများလည်းရှိခဲ့ကြသည်။
အစည်းအဝေးကိုတက်ရောက်ခဲ့သူ ဦးဘိုဘိုအနေဖြင့် အစည်းအဝေးနှင့်ပတ်သက်ပြီး “ အကြမ်းဖက်စစ်ကောင်စီဟာ ကျနော်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းမယ်တကဲကဲလုပ်နေတဲ့အချိန်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကွန်မြူနစ်ပါတီအနေနဲ့ လိုလားပုံမရပါဘူး။ ကျနော်တို့နဲ့ချစ်ကြည်မှု၊ ရင်းနှီးမှု ခိုင်မာစွာရှိတာကို ပြတဲ့သဘောမျိုးဖြစ်ပါလိမ့်မယ်” ဟုမှတ်ချက်ပြုပြောဆိုခဲ့သည်။
အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များဖမ်းဆီးခံရခြင်း၊ ပါတီကိုအကြမ်းဖက်အဖွဲ့အဖြစ် ပုံဖျက်ခံရခြင်းများ ကြုံတွေ့နေရသကဲ့သို့ စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကလည်း ပါတီကိုဖျက်ပစ်မည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
#ကွန်မြူနစ်ပါတီ #NLD #MPA #မြန်မာ့အရေး