ယခင်အရပ်သားအစိုးရလက်ထက် ကိုဗစ်ဒုတိယ လှိုင်းအတွင်း အစိုးရဝန်ထမ်းများအား နိုင်ငံတော် ဘတ်ဂျက်မှထုတ်ချေးခဲ့သည့် အတိုးမဲ့ ၂လစာ ချေးငွေများအား အောက်တိုဘာ ၁ရက်နေ့မှ စ တင်၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်ကြေညာလိုက်သည်။
လက်ရှိတာဝန်ထမ်းဆောင်ဆဲ(Non CDM) ဝန် ထမ်းများအနေဖြင့် လစာမှ တလ ၃သောင်းကျပ် နှုန်းဖြင့်အရစ်ကျပြန်လည်ပေးဆပ်ရမည်ဖြစ် ကြောင်း သိရသည်။
” စပြီး ချေးငွေထုတ်ပေးတာက ပြီးခဲ့တဲ့နှစ် ၉လပိုင်းကဖြစ်မယ်။ အဲ့ဒီထဲက ညွှန်ကြားချက်ရှိတယ် ချေးငွေရရှိပြီး ၆လအကြာမှာ ချေးပေးတဲ့ပမာဏ ကို တလ ၃သောင်းနှုန်းနဲ့အရစ်ကျပြန်ဆပ်ရမှာဆိုတာ။ အဲ့တာက NLDအစိုးရလက်ထက်ပေါ့” ဟု လက်ရှိတာဝန်ထမ်းဆောင်နေသူ ပညာရေး ဝန်ထမ်းတဦးက MPAသို့ပြောသည်။
အဆိုပါချေးငွေများထုတ်ချေးရာတွင် အစိုးရလက်အောက်ရှိ အရပ်ဖက်ဝန်ထမ်းများသာပါဝင်ပြီး တပ်မတော်သားများပါဝင်ခြင်း မရှိသဖြင့် ကာကွယ်ရေးဝန်ကြီးဌာနက တပ်မတော်သားများအား အခြား ဝန်ထမ်းများနည်းတူ ၄င်းတို့ဘတ် ဂျက်အောက်မှ ထုတ်ချေးပေးခဲ့ရကြောင်း သိရသည်။
လက်ရှိ ပြန်လည်ပေးဆပ်ရန်တောင်းခံမှုတွင် စစ် ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် စစ် သားများကိုပါ ပြန်လည်တောင်းခံခြင်းဖြစ်ပြီး တလ ၃သောင်းကျပ်နှုန်းဖြင့် လစာမှဖြတ်တောက်သွားမည် ဖြစ်ကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီးနောက် CDMပြုလုပ်သော ဝန်ထမ်းများကို စစ်ကောင်စီဘက်မှ အဆိုပါ ချေးငွေများအား ဖိအားပေးတောင်းခံမှုများ ပြု လုပ်ခဲ့ပြီး ပြန်လည်မပေးဆပ်ပါက တရားစွဲဆို ခြင်းခံရမည်ဟု ဖိအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါချေးငွေအား စစ်ကောင်စီမှ ပြန်လည်တောင်းခံမှုနှင့်ပတ်သတ်၍ ဝန်ထမ်းအသိုင်း အဝိုင်းအတွင်း ဝေဖန်မှုများမြင့်တက်နေကြောင်း သိရသည်။
#ဝန်ထမ်းချေးငွေ #NonCDM #စကစ #MPA