ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခလရ-၂၇၅ တပ်ရင်းထဲတွင် ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီဖြင့် စစ်ကောင်စီတပ်က အလံ လာတင်သွား ကြောင်း KNU စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
ယနေ့(ဧပြီ၂၃ရက်)နေ့ခင်းပိုင်းတွင် BGF က ခလရ-၂၇၅ ထဲသို့ စစ်သား၆ဦးကို ခေါ်လာကာ အလံလာ တင်သွားခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီနေ့ BGFက စကစ၆ ယောက်ကို ခေါ်လာပြီး ၂၇၅မှာ အလံလာတင်တယ်။စကစ ၆ ယောက်က မြဝတီကို ပြန်သွားပြီး အခု BGFတွေနဲ့ ထိုင်နေပါတယ်။၂၇၅ကို ဒီက စခန်းသိမ်းပြီးနောက် ဘယ်သူမှ ရှိမနေကြတာ ကြာပြီ။ဒီနေ့က BGFက ဦးဆောင်ပြီး စကစကို ခေါ်လာပြီး အလံတင်ခြင်းကို ပြုလုပ်တယ်” ဟု ၎င်းက ပြောသည်။
ယနေ့ ညနေပိုင်းတွင် လူမှုကွန်ရက်ပေါ်၌ မြဝတီအခြေစိုက် ၂၇၅ တပ်ရင်းအတွင်း စစ်ကောင်စီတပ်က အလံလွှင့်နေသည့် ရုပ်သံ၊ တပ်မ – ၄၄ ဘက်တံဆိပ်ပါ စစ်သားတစ်ဦးနှင့် KNA/BGFမှ ဗိုလ်မှူးကြီး နိုင်မောင်ဇော်တို့ တွဲရိုက်ထားသည့်ဓာတ်ပုံနှင့် အလံလွှင့်နေသည့် စစ်သား ဓာတ်ပုံတို့ ပျံ့နှံ့ခဲ့သည်။
မြဝတီမြို့အနောက်ဘက်ရှိ ခလရ -၂၇၅ ကို ဧပြီ၁၁ရက်တွင် KNLA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ခြင်း ဖြစ်ပြီး ဧပြီ၁၅ရက်တွင် ခလရ-၂၇၅ အတွင်း စစ်ကောင်စီတပ် လွှင့်ထူထားသော အလံကို ကော်ဘရာစစ် ကြောင်းက ဖြုတ်ချကာ ကရင်အမျိုးသားအလံတော် လွှင့်ထူခဲ့ခြင်းဖြစ်သည်။
ခလရ-၂၅၇တပ်မှ စစ်သား ၂၀၀ခန့်တို့သည် ဧပြီ၁၀ရက်ညက အမှတ်-၂ တံတားအနီးသို့ ထွက်ပြေးခဲ့ ခြင်းပြီး ဧပြီ၁၀ရက်ညနှင့် ဧပြီ ၂၀ရက် တို့တွင် KNLAပူးပေါင်းတပ်က ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က အလွန်အကျွံလေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာသဖြင့် KNLA ပူးပေါင်းတပ်သည် ဧပြီ၂၁ရက် နံနက်ပိုင်းမှ စတင်၍ တိုက်ခိုက်မှု ရပ်နားခဲ့ကာ ယာယီဆုတ်ခွာ ထားသည်။