သောင်ရင်းမြစ်အတွင်း ခေါင်းဖြတ်ခံထားရသည့် အလောင်းတစ်လောင်းမျောပါလာကြောင်း သောင်ရင်းမြစ်ကမ်းအနီးနေထိုင်သူထံမှ သိရသည်။
ဧပြီ ၂၃ ရက်၊ ညနေ ၆ နာရီခွဲအချိန်က သောင်ရင်းမြစ်လယ်တွင် ခေါင်းမပါဘဲဝါးလုံးဖြင့် ထိုးချည်ထားသည့် အလောင်းတစ်လောင်းမျောလာသည်ကို မြဝတီအမှတ် ၁၁ ဂိတ်ရှိ လူများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ထိုင်းနာရီ ၆ နာရီခွဲလောက် သောင်ရင်းမြစ်ထဲမှာတွေ့ရတာ၊ ဘယ်ကမျောလာသလဲ၊ ဘယ်သူလဲဆိုတာတော့မသိရဘူး။ အမှတ် ၁၁ ဂိတ်နားကိုမျောလာတာကိုတွေ့ရတာ၊ အလောင်းက ခေါင်းမပါဘူး။ ကိုယ်လုံးကို ဝါးလုံးနဲ့ ထိုးချည်ထားတာ” ဟု သောင်းရင်းမြစ်ကမ်းနံဘေး မြ၀တီအမှတ် ၁၁ ဂိတ်အနီး နေထိုင်သူ ကိုအောင်သူ(အမည်လွှဲ)က ရှင်းပြသည်။
မြစ်အတွင်းမျောပါလာသည့် ရုပ်အလောင်းတွင် ဦးခေါင်းမပါလာသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်ကာ ရေထဲမျှောလိုက်ခြင်းဖြစ်နိုင်ကြောင်း အလောင်းတွေ့ရှိခဲ့သူများက သုံးသပ်နေကြသည်။
“ခေါင်းဖြတ်ထားပုံရတဲ့အတွက် စစ်တပ်ဘက်ကနေ သတ်ပြီးမျောလိုက်ပုံရတယ်၊ ပြည်သူ့ဘက်တော်သားတွေကတော့ ဒါမျိုးမလုပ်လောက်ဘူးလို့ထင်တယ်၊ ဘယ်သူမှ ဆင်းဆယ်တာ မတွေ့ရဘူး” ဟု ကိုအောင်သူ(အမည်လွှဲ)က ဆိုသည်။
သောင်ရင်းမြစ်ကမ်းနံဘေး မြဝတီဘက်အခြမ်းတွင်နေထိုင်သည့် ကိုစိုင်း(အမည်လွှဲ)ကလည်း “အလောင်းက တံတား ၁ နဲ့ ၂ ဘက်ကနေမျောလာတာ၊ အလောင်းက ခေါင်းဖြတ်ခံထားရပုံရတယ်၊ ဝါးလုံးနဲ့တွဲလျက်တွေ့ရတာက တစ်ယောက်ယောက်က ကမ်းကပ်လာလို့ ဝါးလုံးထိုးလွှတ်လိုက်ပုံရတယ်၊ သောင်ရင်းမြစ်အတိုင်း ဆက်မျောသွားတယ်” ဟု ၎င်းတွေ့မြင်ခဲ့ရပုံကို ပြောပြသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြဝတီ၊ အမှတ် ၂ တံတားဝန်းအတွင်းရှိ စစ်ကောင်စီတပ်များနှင့် KNLA, PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။