စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ကြေးမုံရွာထဲသို့ စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ခဲ့ရာ ကလေး၁ဦးအပါအဝင် အမျိုးသမီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ဧပြီ ၂၂ရက်၊ ည ၉နာရီဝန်းကျင်က မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ ထွက်လာသည့် စစ်ကောင်စီကား ၁စီးကို မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် ဒေသခံPDF တို့က မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တောပုပျူစောထီးကျေးရွာမှ ၆၀(မမ) ၁လုံးနှင့် ချောင်းဦးမြို့နယ်၊ ဘက်စုံစစ်တပ်အထိုင်စခန်းမှ ၆၀(မမ) ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လက်နက်ကြီးကျည် ၂လုံး မုံရွာမြို့နယ်၊ ကြေးမုံကျေးရွာသို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်(မ) ၁ဦး၊ အသက် ၆၀အရွယ်အမျိုးသမီးတစ်ဦး၊ အသက် ၅၀အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၃၀အရွယ်အမျိုးသမီးတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်၊ မုံရွာ – မန္တလေးလမ်းဘေးနေ ဒေသခံတစ်ဦးကပြောသည်။
“ ၂ လုံးက ရွာထဲမှာ ကျတာ။ ပြည်သူအိမ်၁လုံးလည်းပျက်စီးတယ်။ ဗိုက်တယောက်၊ ပေါင်တယောက်၊ ခေါင်းတယောက်၊ ကလေးလေးကတော့ ခြေဖဝါးထိတာပါ။ မိုင်းဆွဲတဲ့အချိန်မှာ တောပုကနေလှမ်းပစ်ပေးတာ။ မိုင်းဆွဲခံရတဲ့စစ်သားတွေကလည်း ပစ်ပေမဲ့ အဲ့ဒါကရွာထဲမကျဘူး” ဟု ၎င်းကပြောသည်။
ယင်းစစ်ကောင်စီကားကို ည၉နာရီခွဲဝန်းကျင်တွင် မိုင်း ၂ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိုးရပ်သွားဖြင့် မုံရွာ-ချောင်းဦးလမ်းပိုင်း စွမ်းရည်ထက်ဆီဆိုင်ဂိတ်မှ ကားတစ်စီးဖြင့် လာဆွဲသွားကြောင်း Anyar Defence Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ ကားကရပ်သွားတာပဲ။ ကားရပ်တော့ စွမ်းရည်ထက်ကိုဆွဲသွားတယ်။ အဲ့မှာ ပြင်ပြီး နမခကို ဖြည်းဖြည်းချင်းပြန်မောင်းသွားတယ်” ဟု ၎င်းကပြောသည်။
ယင်းတိုက်ခိုက်မှုကို Anyar Defence Force ၊ Area 71 PDF Monywaနှင့် မုံရွာခရိုင်တပ်ရင်း -၈တို့ ပူးပေါင်းဆင်နွှဲခဲ့ပြီး PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။