ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသည့်၊ နမ့်ဆန်မြို့၊ မာန်ခိုက်ရပ်ကွက်တွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ပြတ်ထွက်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(ဧပြီ ၂၂ရက်)၊ မွန်းလွဲ ၁နာရီခန့်တွင် နမ့်ဆန်မြို့၊ မာန်ခိုင်ရပ်ကွက်၊ စစ်တပ်ကုန်းအနီး ငှက်ပစ်သွားသည့် အသက် ၂၀အရွယ် ကိုကျော်ဇင်ဟိန်း မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“ ရွာသားတွေပြောတာတော့ ငှက်လိုက်ပစ်တယ်လို့ပြောတယ်။ အဲ့ဒီမှာက တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းတွေအများကြီးရှိတယ်။ ပြီးခဲ့တဲ့အပတ်က မိုင်းရှင်းလင်းရေးလုပ်တယ်။ မိုင်းအလုံး ၄၀ကျော်ရှင်းခဲ့ တယ်” ဟု မာန်ခိုက်ရပ်ကွက်မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးကပြောသည်။
စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိခဲ့သည့် ကိုကျော်ဇင်ဟိန်းသည် လားရှိုးမြို့၊ ရပ်ကွက် ၁၂တွင် နေထိုင်သူတစ်ဦးဖြစ်ကာ နမ့်ဆန်မြို့သို့ အလုပ်လာလုပ်သူဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ရက်နေ့တွင်လည်း မာန်ခိုက်ရပ်ကွက်တွင် နွား ၄ကောင်နှင့် မြင်း ၂ကောင် မိုင်းနင်းမိပြီး သေဆုံးခဲ့သေးသည်။
“ တချို့နေရာတွေမှတော့ မိုင်းအန္တရာယ် အမှတ်အသားလုပ်ထားတယ်။ တချို့နေရာတွေမှာတော့ မလုပ်ထားသေးဘူး။ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ၊ စစ်တပ်စခန်းနေရာတွေကို မသွားကြဖို့ပြောချင်ပါ တယ်” ဟု နမ့်ဆန်မြို့ခံ၊ အမျိုးသားတစ်ဦးကပြောသည်။
အလားတူ ဧပြီ ၂၂ရက်က မာန်ခိုက်ရပ်ကွက်တွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ဆောင်စဉ် မပေါက်ကွဲသေးသည့် မြေမြှုပ်မိုင်း ၂လုံးနှင့် ပေါင် ၅၀၀ ဗုံးတစ်လုံးတွေ့ရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
၁၀၂၇ စစ်ဆင်ရေးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ်(၂၀၂၄ခုနှစ်) ဇန်နဝါရီလမှစတင်ကာ ဧပြီ ၂၂ရက်အထိ မြေမြှုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံး ၁၈ဦးနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၁ဦးထိ ရှိလာပြီဖြစ်သည်။