မန္တလေးတိုင်း ၊ စဉ့်ကိုင်မြို့နယ်တွင် လောင်းကစားဝိုင်းများ နှင့် KTV များ၊ များလာပြီး အကြွေးကြောင့် အိမ်သိမ်းခံရဥူများပါရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ စဉ့်ကိုင်မြို့နယ်အတွင်းရှိ လောင်းကစား၀ိုင်းများသည် ရဲနှင့်စစ်သားများကို လိုင်းကြေးပေးကာ ခိုးကြောင်းခိုးဝှက်ဖွင့်လှစ်ရာမှ လက်ရှိတွင် ပေါ်ပေါ်ထင်ထင် ဖွင့်လှစ်လာကြောင်း စဉ့်ကိုင်မြို့နေ အမည်မဖော်လိုသည့် ဒေသခံအမျိုးသမီးတစ်ဦးက MPA သို့ပြောသည်။
“ လတိုင်း လိုင်းကြေးပေးရတယ်။ ရဲတွေက တစ်လတစ်ခါ လာကောက်ကြတာ၊ အခုက မြို့ပေါ်မှာတင် ဖွင့်ကြတာ မဟုတ်တော့ဘူး။ ရွာတွေအနှံ့မှာ လောင်းကစား၀ိုင်းတွေရှိနေတာ၊ KTVကတော့ မြို့ပေါ်မှာ ပိုများတယ်။ ပြီးတော့ စဉ့်ကိုင်မြို့ပေါ် ပေါ်တော်မူဘုရားအနီးမှာဆို စစ်တပ်ဘက်က အကြီးပိုင်းတစ်ယောက် လာဖွင့်ထားတဲ့ ဂျင်ဝိုင်းအကြီးကြီးရှိတယ်” ဟု၎င်းကပြောသည်။
ထို့ပြင် ယင်းလောင်းကစား၀ိုင်းများတွင် အကြွေးတင်နေသည့် ပြည်သူများ၏ နေအိမ်များကို မတန်တဆစျေးဖြတ်ကာ သိမ်းယူမှုများရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
“ အကြွေးတင်တာ ဟုတ်တယ်။ ဒါပေမဲ့ သူတို့က အိမ်ရဲ့ပေါက်ဈေးအတိုင်း မပေးဘဲ နှိမ်ပြီး ဒီအတိုင်း သိမ်းလိုက်တာ။ ကျမသိသလောက်ဆို အသိမ်းခံရတဲ့ အိမ်က ၄အိမ် ၊ ၅အိမ်လောက်ရှိပြီ၊ နောက်ပြီး အိမ်သိမ်းခံရတာမဟုတ်ဘဲ အကြွေးတင်ပြီး ဘဝပျက်သွားတဲ့လူတွေလည်း ပတ်ဝန်းကျင်မှာ တော်တော်များလာတယ်” ဟု စဉ့်ကိုင်မြို့ခံ၊ အမျိုးသမီးတစ်ဦး ကပြောသည်။
ယင်းကဲ့သို့ ဖြစ်စဉ်များကို ဖြေရှင်းရန် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် လက်လှမ်းမှီသလောက် ကျေးရွာများကို အသိပညာပေး ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြောင်း Sintkaing Revolution Force – SRF မှ ရဲဘော် Te Fiti က ပြောသည်။
“ ဒါတွေကို အရင်ထဲက လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြို့ပေါ်က စကစစိုးမိုးထားတော့ လုပ်ရကိုင်ရကျပ်တာပေါ့၊ ပြီးတော့ စစ်သားတွေ ၊ ရဲတွေ အလာများတဲ့ KTV တွေ ၊ လောင်းကစားဝိုင်းတွေမှာ စစ်သားတွေ၊ ရဲတွေ လာပြီဆို သွားရောက်တိုက်ခိုက်တာမျိုးတွေ လုပ်ခဲ့တာမျိုးတွေ ရှိတယ်” ဟု ၎င်းကပြောသည်။
စဉ့်ကိုင်မြို့ပေါ်တွင် KTV များ ပေါများလာသည့်အတွက် အိမ်ထောင်ရေးဖောက်ပြန်မှုများ ၊ KTV များတွင် ရိုက်နှက်ခံရသည့် ဖြစ်စဉ်များလည်း များပြားလျက်ရှိပြီး လုယက်မှုများလည်း မကြာခဏဖြစ်ပွားသော်လည်း စစ်ကောင်စီက အရေးယူမှု တစုံတရာ ပြုလုပ်ခြင်းမရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။