ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ပြန်ပေးဆွဲမှုများပြုလုပ်နေသည့် အမျိုးသား ၆ဦးကို စစ်ကောင်စီနှင့် ပြည်သူ့ စစ်တို့ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ပြန်ပေးဆွဲမှုများပြုလုပ်နေသည့် အဖွဲ့ကို ယမန်နေ့(ဧပြီ ၂၂ရက်)၊ တွင် မူဆယ်မြို့ စက်မှုရပ်ကွက်နှင့် မန်မိုင်ရွာလမ်းကြားတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
“CCTV ကနေလိုက်တာ၊ မကြာခင်မှာဘဲ မန်မိုင်ရွာကြားမှာ ဖမ်းမိတာ၊ အခုလောလောဆယ်က စစ်တပ်စခန်းမှာ ချုပ်ထားတယ်လို့ကြားတယ်။ ရဲစခန်း မပို့ဘူး”ဟု မူဆယ်မြိုခံ တစ်ဦးက ပြောသည်။
ပြန်ပေးဆွဲမှုပြုလုပ်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၆ဦးကို စစ်ကောင်စီတပ်၏ တပ်မ ၉၉ တပ်မမှူးကိုယ်တိုင် ဦးစီးကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ၎င်းက ပြောသည်။
“ ဖမ်းမိတာကတော့ တစ်မျိုးကောင်းတယ်။ ဒါပေမဲ့ လွယ်လင့်တကူပြန်လွတ်လာမှာကိုလည်း စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ ဒီပြန်ပေးဆွဲတဲ့အဖွဲ့က သံတိုသံစကောက်တဲ့သူပါမကျန် ဖမ်းပြီးငွေညှစ်တာ၊ ငွေကြေးနည်းနည်းပါးပါးရှိတဲ့သူက တော့ ပြောစရာကိုမလိုတော့တာ အချိန်ပြည့် နောက်ကျောမလုံရဘူး” ဟု မူဆယ်မြို့ရှိ နောက်ထပ်အမျိုးသားတစ်ဦးက ပြောသည်။
မူဆယ်မြို့တွင် ယခုနှစ်(၂၀၂၄ခုနှစ်)၊ ၃လတာ ကာလအတွင်း ပြန်ပေးဆွဲခံရသည့် ဒေသခံ ၃၀နီးပါးရှိခဲ့ပြီး ၎င်းပြန်းပေးဆွဲသည့် အဖွဲ့အားလုံးကို စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၉ရက်တွင်လည်း မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက် Best House ဟိုတယ်အနီးရှိ ဒေါက်တာမိုးကျော်နိုင်ဆေးခန်းသို့ လူ ၄ဦး ကားဖြင့်ရောက်လာပြီး ဆေးခန်းရှိ ဆရာဝန်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသေးသည်။
မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများပြားပြီး ဒေသခံများကို အွန်လိုင်းကစာပို့ကာ ငွေတောင်းခံခြင်း၊ လက်ပစ်ဗုံးပို့ပြီး ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးမပေးသူများကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးခြင်းနှင့် ဓားပြတိုက်မှု၊ ပြန်ပေးဆွဲမှု များ နေ့စဉ်လိုလိုဖြစ်ပွားလျက်ရှိသည်။
ထို့ကြောင့် လက်ရှိ ဖမ်းဆီးရမိထားသူ ၆ဦးကို ထိရောက်စွာ အရေးယူပေးစေချင်ပြီး၊ လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးခြင်းကို မလိုလားကြောင်း ဒေသခံများက ဆိုကြသည်။