မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလံကိုင်းရေနံမြေမှ ဆုတ်ခွာလာသော ရဲအုပ်အပါအဝင်ရဲတပ်သား ၆ဦးကို လက်နက်ခဲယမ်းများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း မြိုင် ပကဖ က သတင်းထုတ်ပြန်သည်။
ဧပြီ ၁၄ ရက်၌ အင်အား ၄၈ဦးပါ စစ်ကြောင်းသည် မြိုင်မြို့နယ်၊ စက်မှု -၂ မှ ဖလံကိုင်း ရေနံမြေ သို့ သွားရောက်ခဲ့ပြီး ဧပြီ ၁၈ ရက်၊ ည ၈ နာရီခန့် မှစ၍ ဖလံကိုင်းရေနံမြေမှ တပ်များအားလုံး ပြန်လည် ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။
“ အခု ဖမ်းမိခဲ့တဲ့ ရဲတွေက ဖလံကိုင်းက စစ်ကြောင်းထွက်ပြီး မိတာပါ။ အားလုံးက အရင်ကတည်းက ဖလံကိုင်းမှာ တာ၀န်ကျနေတဲ့ ရဲတွေ” ဟု မြိုင် ပကဖ တာ၀န်ရှိသူတစ်ဦးက ပြောသည်။
ဖလံကိုင်းရေနံမြေမှ ဆုတ်ခွာလာသော တပ်ကို ဧပြီ ၁၈ ညပိုင်း၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ဒေသခံတော်လှန်ရေး အင်အားစုများက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်းသည် ဖလံကိုင်းကျေးရွာ ပတ်၀န်းကျင်၌ပင် ပုန်းအောင်းနေခဲ့ကြောင်း သိရသည်။
“ စစ်ကြောင်းက ပုန်းကွယ်ပြီး သွားတယ်။ အဲဒါကြောင့် ထိတွေ့မှု ကောင်းကောင်း မဖြစ်ခဲ့ဘူး။ ဧပြီ ၂၁ မှ စစ်ကြောင်း ပြန်လှုပ်လာပြီး စက်မှု -၂ ထဲကို ရအောင် ၀င်သွားတာ” ဟု ၎င်း ကပြောသည်။
ထို့နောက် ဧပြီ ၂၂ ရက်၊ နံနက် ၅ နာရီ ၀န်းကျင်၌ တော်လှန်ရေးတပ်များက စစ်ကြောင်း ၃ကြောင်း ခွဲ၍ နယ်မြေ ရှင်းလင်းရာ ကျောက်မဏ္ဍကျေးရွာအနီး၌ မသင်္ကာဖွယ်ရာ လက်နက်ကိုင် ၆ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်နက်ချရန် တိုက်တွန်း၍ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ ရဲဘော်တွေနဲ့ တွေ့တွေ့ချင်း လက်နက်ချဖို့ပြောတော့ အစက မရဘူး။ နည်းနည်း ပစ်တာခတ်တာ ဖြစ်လိုက်သေးတယ်။ ခဏနေ ထပ်ပြောတော့ ရသွားတယ်။ သူတို့ လက်နက် ချလိုက်ကြတယ်။ အဲမှာ ဒဏ်ရာရထားတဲ့သူတွေကိုလည်း ဆေးကုသ ပေးထားပါတယ်” ဟု ၎င်းက ဆက်လက် ပြောသည်။
ဖမ်းဆီးရမိသော ရဲများမှာ ရဲအုပ်အောင်အောင်ခိုင်၊ ရဲတပ်ကြပ်ကျော်မင်းနိုင်၊ ရဲတပ်သားခင်မောင် ထွေး ၊ ရဲတပ်သားလျှမ်းပြည့် ချမ်းသာ၊ ရဲတပ်သားညွှန့်၀င်းနှင့် ရဲဒုတပ်ကြပ် အေးမင်းတို့ ဖြစ်ပြီး ၎င်းတို့သည် စစ်ကောင်စီစစ်ကြောင်းမှ ကွဲကျန်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဖလံကိုင်းက အကုန်ဆုတ်သွားတာ ခု နယ်မြေ ရှင်းလင်းမှုတွေလည်း ပြီးသင့်သလောက် ပြီးနေပြီ။ အခု ဖမ်းမိတာတော့ ကောင်းတာပေါ့။ ဘာကြောင့် ဆုတ်တယ်၊ ဘာညာကအစ မေးမြန်းလို့ ရမှာပေါ့။ သူတို့ စစ်ကြောင်းနဲ့ ဘယ်လိုကွဲလာသလဲဆိုတာ သေချာမေးမြန်းရမယ်” ဟု ပေါက်အခြေစိုက် တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ရဲတပ်သား ၆ဦးနှင့်အတူ G-3 သေနတ် ၄လက်၊ BA-94 (၁) လက်၊လက်ပစ်ဗုံး ၁လုံး၊ ကျည်ဘောက်၊ကျည်ဆန်၊အခြားစစ်သုံးဆက်စပ်ပစ္စည်းများနှင့် ငွေအနည်းငယ် သိမ်းဆည်းရမိခဲ့ ကြောင်း မြိုင်ပကဖ က ထုတ်ပြန်ထားသည်။