စစ်ပွဲကာလအတွင်း အထွေထွေကျပ်တည်းမှုများကြောင့် စစ်ကောင်စီ၏ ပြည်နယ်ကောင်စီရုံးစိုက်ရာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ခိုးဆိုးလုယက်၊ ဓားပြမှုများနှင့် ဒုစရိုက်မှုများ ပိုမိုဖြစ်ပွားလာကြောင်း စစ်တွေဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ခိုးတာတွေက အရမ်းများလာတယ်။ တစ်ပတ်ကို ၃ ကြိမ်၊ ၄ ကြိမ်လောက်ရှိတယ်။ အလုပ်အကိုင်တွေကလည်း ရှားပါးနေပြီး ဝင်ငွေလည်းမရှိတော့ စီးပွားရေးတွေက အဆင်မပြေကြဘူး။ ခိုးတာတွေက မြို့ပေါ်ရပ်ကွက်တွေတင် မဟုတ်ဘူး။ ရွာတွေမှာပါ ခိုးဆိုးလုနှိုက်တွေ ပိုပေါလာတယ်။ တစ်နေ့ကို ၃ အိမ်၊ ၄ အိမ်လောက်အထိ ခိုးခံရတာတွေရှိတယ်” ဟု စစ်တွေမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။
စစ်ကောင်စီအုပ်ချုပ်နေသော စစ်တွေမြို့တွင် ခိုးမှုနှင့် လုယက်မှုများမှာ နေ့စဉ်ဖြစ်ပေါ်နေကာ မြို့ခံများ၏ ပစ္စည်းများဆုံးရှုံးနေရသလို စစ်ရေးကြောင့် တိမ်းရှောင်သွားကြသော ဒေသခံများ၏ ကျန်ရှိနေအိမ်များကိုလည်း ကြမ်းခင်းမှအစ ခိုးယူမှုများရှိနေကြောင်း စစ်တွေမြို့၊ ကျောင်းကြီးလမ်းရပ်ကွက်တွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
“ဒီဘက်မှာက ရိက္ခာတွေ ပြတ်လာတော့ တချို့တွေက တိမ်းရှောင်ကုန်ပြီ။ လူမရှိတော့တဲ့ အိမ်တွေဆို ကြမ်းခင်းထားတဲ့ သစ်တွေ၊ အိမ်တိုင်တွေပါခိုးပြီး ရောင်းစားတာတွေ ရှိတယ်။ မြင်နေလည်း ဘာမှ လုပ်လို့မရဘူး။ ရဲစခန်းကို သွားတိုင်ပြန်တော့လည်း ဒီအချိန်မှာ နင်တို့အခိုးခံရတာတွေ လာမပြောနဲ့ဆိုပြီး မောင်းထုတ်တာ။ ခိုးသွားလို့ မြင်လည်း မြင်တယ်လို့ပဲ မှတ်နေရတယ်။ ဘာမှလည်း လုပ်လို့မရဘူး။ တာဝန်ရှိတဲ့ ရဲတွေကိုယ်တိုင်ကလည်း ဘာမှမဖြေရှင်းပေးဘူး” ဟု ၎င်းကရှင်းပြသည်။
ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ယင်းဒေသအတွင်းသို့ ရိက္ခာများတင်ပို့နိုင်သော ကုန်လမ်း၊ ရေလမ်းများအားလုံးကို ပိတ်ဆို့ထားသဖြင့် ရခိုင်ဒေသခံများမှာ စားနပ်ရိက္ခာ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး စစ်ကောင်စီအုပ်ချုပ်နေသော စစ်တွေမြို့မှာပင် ရိက္ခာပြတ်လပ်မှုနှင့်ရင်ဆိုင်လာရကြောင်း သိရသည်။
လက်ရှိအချိန်တွင် စစ်တွေမြို့၌ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိနေပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့လာသဖြင့် ဒုစရိုက်မှုများ မကြာခဏဆိုသလိုဖြစ်ပွားနေကြောင်း စစ်တွေမြို့ခံများက ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်တွေတွင် ရာဇဝတ်မှုများပိုမိုဖြစ်ပွားလာပြီး မကြာခဏဆိုသလို လူသတ်မှု၊ လုယက်မှု၊ ခိုးမှုများဖြစ်နေသော်လည်း စစ်ကောင်စီလက်အောက်ရှိ ရဲတပ်ဖွဲ့က မသိကျိုးကျွံပြုကာ လွှတ်ပေးနေသလားဟု စစ်တွေမြို့ခံများက မေးခွန်းထုတ်လာကြသည်။
“ညဘက် အပြင်ထွက်ဖို့ မပြောနဲ့ နေ့လယ်၊ နေ့ခင်းဘက်တောင် ယောက်ျားလေး ၂ ယောက်လောက်ထွက်မှ လုံခြုံတာ။ ဖုန်းတွေ့ ဖုန်းလု၊ ပိုက်ဆံပါရင် ပိုက်ဆံယူ။ ဟိုရက်ကဆိုလည်း ဒီရပ်ကွက်ထဲက အရပ်ဖက်ဆိုင်ရာ ရုံးခန်းတစ်ခု ဖောက်ခံရတယ်။ သိန်း ၁၀၀ ကျော်ဖိုးလောက် ပါသွားတယ် ပြောတယ်။ အဲ့ဒါကို ရဲစခန်းမှာ သွားတိုင်တော့ တိုင်တဲ့သူကိုတောင် ၁ ည ချုပ်ထားတယ်။ နောက်နေ့မှ ပြန်လွှတ်ပေးတယ်။ တခါတလေကျတော့လည်း ရဲနဲ့ သူခိုးပေါင်းပြီး ပြည်သူတွေကို ဒုက္ခပေးနေတယ်လို့ ထင်မိတယ်” ဟု စစ်တွေမြို့၊ မင်းဂံရပ်ကွက်အတွင်းနေထိုင်သည့် မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
စစ်တွေမြို့တွင် ဖြစ်ပွားလျက်ရှိသည့် ခိုးမှုများ၊ လုယက်မှုများနှင့် လူသတ်မှုများကို စစ်ကောင်စီလက်အောက်ရှိ ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို ရှာဖွေစုံစမ်းမှုများမရှိသလို ကျူးလွန်ခံရသူများမှ တိုင်တန်းမှုများ ပြုလုပ်ပါသော်လည်း ထိရောက်စွာဖြေရှင်းပေးခြင်းမရှိကြောင်း သိရသည်။