ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဘေးလွတ်ရာသို့တိမ်းရှောင်နေရသည့် ဒေသခံပြည်သူများ နေအိမ်သို့ပြန်ရန် ဖိအားပေးခံနေရပြီး သတ်မှတ်ရက်အတွင်း နေအိမ်မပြန်က ဒဏ်ကြေးများကောက်ခံနေကြောင်း ပအို့ဝ်လူငယ်အစည်းအရုံးထံမှ သိရသည်။
စစ်ဘေးရှောင်များ နေရပ်ပြန်ရန် ဖိအားပေးခြိမ်းခြောက်မှုများကို PNA ပြည်သူ့စစ်၊ ဒေသအာဏာပိုင်နှင့် စစ်ကောင်စီက အဓိကလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပအို့ဝ်လူငယ်အစည်းအရုံး၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“နေရာတိုင်းမှာ ဒီလိုလုပ်ဆောင်နေတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကြိုကြားနေရာအနှံ့အပြား ဖိအားပေးနေတာတွေကို တွေ့ရပါတယ်၊ နေရပ်ကိုပြန်နေကြပါ မနေရင်အိမ်ကို ချိပ်ပိတ်မယ်၊ နေအိမ်ကို သိမ်းယူမယ်ဆိုတဲ့ ဖိအားပေးတာအပါအဝင် ဒီရက်ပိုင်းမှာ ဆီဆိုင်မြို့မြောက်ဘက်ကျေးရွာတချို့မှာဆိုရင် သတ်မှတ်ရက်အတွင်း အိမ်ကိုပြန်ပါ၊ မပြန်တဲ့သူ ဒဏ်ကြေး (၃)သိန်း ပေးဆောင်ရမယ်ဆိုတာအထိ ဖြစ်လာပါတယ်” ဟု ၎င်းက ရှင်းပြသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက်ပင် ခက်ခဲစွာရုန်းကန်နေရချိန် ၎င်းတို့တောင်းသည့်ငွေအားမပေးနိုင်သဖြင့် နေရပ်ပြန်သူများရှိသော်လည်း အချို့မှာ ဒေသခံမတည်ငြိမ်ခြင်းကြောင့် ပြန်လည်ထွက်ပြေးတိမ်းရှောင်ကြရကြောင်း သိရသည်။
ထို့ပြင် ပအို့ဝ်ဒေသတွင် ခေါင်းစဉ်အမျိုးမျိုးဖြင့် စစ်ဘေးရှောင်ပြည်သူများထံမှ ဆပ်ကြေးကောက်ခံခြင်းများပြုလုပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီပေးနေသူအချို့၏ ပြောပြချက်အရ သိရသည်။
“ဒီဒေသမှာ အဓိက ဆပ်ကြေးကောက်တာက PNA ပြည်သူ့စစ် ဖြစ်ပါတယ်၊ ဒေသလုံခြုံရေးကို တာဝန်ယူဆောင်ရွက်နေတဲ့ တပ်သားအတွက်၊ လက်နက်အင်းအားဖြည့်တင်းမှုလုပ်ဆောင်နိုင်ဖို့အတွက် စတဲ့ခေါင်းစဉ်တွေနဲ့ ဆပ်ကြေးကောက်တာတွေ လုပ်ကြပါတယ်။ မပေးမနေရဆိုတဲ့ အနေအထားနဲ့ လာတာဖြစ်တဲ့အတွက် ရွေးချယ်စရာမရှိဘဲ ပေးကြရတယ်။ မပေးဘဲ မနေရဲကြပါဘူး” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ဆိုသည်။
စစ်ဘေးရှောင်ရသည့် ကာလကြာလာသည်နှင့်အမျှ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ ပညာရေး စသဖြင့် ကဏ္ဍအသီးသီးတွင် လိုအပ်ချက်များ ပိုမိုများပြားလာပြီး ယခုလက်ရှိတွင် စားနပ်ရိက္ခာပိုင်းကို အဓိကထား ဖြည့်တင်းပေးနေရကြောင်း ပအို့ဝ်လူငယ် အစည်းအရုံးထံမှ သိရသည်။
“ယနေ့အချိန်ထိ အကူညီ၊ ပံ့ပိုးမှုမရရှိသေးတဲ့ ဒေသခံတွေလည်း များစွာရှိပါတယ်၊ ကျေးလက်၊ တောဘက်၊ ခြံဘက် ရှောင်ကြရတဲ့ စစ်ရှောင်ပြည်သူတွေအနေနဲ့ စိုက်ပျိုးရေးလုပ်ဆောင်နိုင်ဖို့အတွက် တဲဆောက်နေထိုင်နိုင်ဖို့ လိုအပ်တဲ့အမိုးအကာအပြင် တခြားပြင်ဆင်လုပ်ဆောင်နေတဲ့ အပိုင်းတွေလဲရှိပါတယ်”ဟု ပအို့ဝ်လူငယ်အစည်းအရုံး၏ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်မှ ဧပြီ ၂၀ ရက်အထိ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၇၁၀၀၀ ကျော်ရှိလာပြီး နေ့စဉ်နှင့်အမျှ စစ်ဘေးရှောင်ဦးရေတိုးလာသည်ကို ပအို့ဝ်လူငယ် အစည်းအရုံး၏ ထုတ်ပြန်ထားသော စာရင်းများတွင် တွေ့ရသည်။