မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ညောင်ပင်လှ တပ်စခန်းနှင့် မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီး ရွာတို့ကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ ထံက သိရသည်။
ဧပြီ ၂၁ ရက်၊နံနက် ၈နာရီ မှ စတင်ကာ ပခုက္ကူမြို့နယ်၊ ညောင်ပင်လှရွာအခြေစိုက် စစ်တပ်စခန်းရှိ ကင်းကုန်းတစ်ခုကို ဒရုန်းဖြင့် အီနာဂါ ဗုံး ၁၀ လုံး ကြဲကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ် ဘန်ကာထဲသို့ ဗုံး ကျရောက်သဖြင့် စစ်သား ၂ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း Black Cobra Force (ကမ္မတပ်ပေါင်းစု ) ထံက သိရသည်။
“ ကျနော်တို့ ချတဲ့ ဗုံးက ဘန်ကာ အတိအကျ မှန်တော့ ဘန်ကာ တစ်ခု ပျက်စီးပြီး စစ်သား ၂ယောက်ထိသွားတော့ သူတို့က ဆုတ်သွားတယ်” ဟု Black Cobra Force (ကမ္မတပ်ပေါင်းစု) တာ၀န်ခံ ရဲဘော် လရောင် ကပြောသည်။
စစ်သားများ တပ်ဆုတ်သွားပြီးနောက် နေ့ခင်း ၁၂ နာရီခန့်၌ ထိုကင်းကုန်းကို နယ်မြေရှင်းလင်းရာ ဖိုက်ဘာ ဦးထုပ် ၂လုံး ၊MA ကျည်ဘောက် ၁ခု၊ ၅.၅၆ ကျည် ၁၃ တောင့် နှင့် စနက်တံမပါတော့သော လက်ပစ်ဗုံးတစ်လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
နယ်မြေရှင်းလင်းနေစဉ် စစ်တပ် ပင်မ အထိုင်စခန်းမှ သေနတ်ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရသည်။
ညောင်ပင်လှ တပ်စခန်းတွင် စစ်သားနှင့် ရဲ ၂၀ခန့် ရှိပြီး PDF တို့ တိုက်ခိုက်သော ကင်းကုန်းမှာ ကျေးရွာနှင့် မိုင်၀က်ခန့် ကွာဝေးကာ အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာတစ်ခု ဖြစ်ကြောင်း သိရသည်။
ဧပြီ ၂၁ ရက် ၊ညနေ ၄ နာရီခန့်တွင်လည်း မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံး ကြဲကာ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖ တာ၀န်ရှိသူ တစ်ဦးက ပြောသည်။
“ အဲနေ့ က ညနေမှာ သရက်ကွကို ဆက်ပြီး ဒရုန်းနဲ့ ချတာ။ စစ်သား ၁ယောက်နဲ့ ပျူ ၂ယောက်ထိတယ်၊ ပျူနေအိမ် တစ်လုံး မီးလောင်ခဲ့တယ်” ဟု ၎င်းက ပြောသည်။
ဗုံးကြဲပြီးနောက် ပျူစောထီး ကျေးရွာအတွင်းမှ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်သော်လည်း PDF ရဲဘော်များ အထိအခိုက် မရှိပေ။
ယင်းတိုက်ခိုက်မှုများကို မြိုင်ပကဖ၊ Black Cobra (ကမ္မတပ်ပေါင်းစု)၊ DMG (ဓားမင်းကြီး)နှင့် PKU Thurein တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပါသည်။
သရက်ကွ ပျူစောထီး ရွာ တွင် ပျူစောထီး နှင့် စစ်သား စုစုပေါင်း အင်အား ၆၀ ခန့် ရှိပြီး မြိုင်ပကဖ ထံ ချိတ်ဆက်၍ အလင်း၀င်လာသော ပျူစောထီး တစ်ဦးမျှ မရှိသေးကြောင်း သိရသည်။