ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ အုတ်ဖိုစုကျေးရွာထိပ်လမ်းမပေါ်တွင် လာရောက်စွန့်ပစ်ခဲ့သည့် အလောင်းမှာ တော်လှန်ရေးရဲဘော်တစ်ဦးဖြစ်ကြောင်း စစ်တပ်ထောက်ခံသူများက ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်များတွင် ရေးသားဖြန့်ဝေလျက်ရှိသည်။
ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်နေသည့် သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂- တပ်ခွဲ ၄ က ရဲဘော်ဗိုက်ကြီးဆိုသူအား အနက်ရောင်သေမင်းတမန်အဖွဲ့က ရှင်းလင်းလိုက်ပြီဖြစ်ကာ နောက်ထပ် PDF ထောက်ခံသူများနှင့် PDF ရဲဘော်များ၏ဆွေမျိုးများကိုပါ ထပ်မံသုတ်သင်ရှင်းလင်းမည်ဖြစ်ကြောင်း စစ်တပ်ထောက်ခံသူများက ရေးသားထားကြသည်။
“ကျွန်တော်တို့အဖွဲ့မှာ ဒီနာမည်နဲ့ရဲဘော်မရှိဘူး။ အခုပုံထဲက လူကိုလည်း မသိပါဘူး။ ပြီးတော့ အခုလို ရေသားဖော်ပြတာကလည်း ကျွန်တော်တို့အဖွဲ့က သူတို့ကိုခြေသံလုံလုံနဲ့ တိုက်ခိုက်ပြီး အကျဆုံးများနေတော့ ကျွန်တော်တို့ကိုအခဲမကြေဖြစ်ပြီး တမင်သတင်းအမှားဖြန့်ဝေတာပါ” ဟု သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ – တပ်ခွဲ ၄ ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်အောင်ဇေယျက ရှင်းပြသည်။
အမည်မသိသူများ လာရောက်စွန့်ပစ်ထားသည့် အလောင်းကို ဧပြီ ၂၂ ရက်၊ ညနေ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားကြောင်း အုတ်ဖိုစုရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
“အခုထိ ဘယ်သူဆိုတာ မသိကြသေးဘူး။ လက်ပံတန်းဒေသခံတော့မဖြစ်နိုင်လောက်ဘူး။ ဒီမြို့က လူဆိုရင် အခုလောက်ဆိုသိနေကြလောက်ပြီ၊ အခုက ဘယ်သူဘယ်ဝါမှန်း မသိရဘူး” ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များအတွင်းက မန္တလေးမြို့တွင်လည်း NLD ထောက်ခံသူများနှင့် ပါတီဝင် ၁၀ ဦးထက်မနည်းအား သွေးသောက်အဖွဲ့၊ အနီရောင်စစ်ဆင်ရေး(မန္တလေး)ဆိုသည့် စာရေးသားထားသည့် စာရွက်များချိတ်ဆွဲ၍ သတ်ဖြတ်ခြင်းများကို စစ်ကောင်စီထောက်ခံသူများက ပြုလုပ်ခဲ့ဖူးသည်။
“ပျူစောထီတွေ၊ စစ်သားတွေ၊ ရဲတွေပဲလုပ်တာပါ၊ ပြည်သူတွေကို ကြောက်လန့်အောင်တမင်ရည်ရွယ်လုပ်တာ၊ အခုနောက်ပိုင်းကလည်း သာယာဝတီခရိုင်မြို့နယ်တွေမှာ သူတို့အုပ်ချုပ်ရေးမှူးတွေ၊ ပျူတွေ၊ ဒလန်တွေ ခဏခဏ ရှင်းလင်းခံနေရတော့ပြန် လက်တုန့်ပြန်တဲ့အနေနဲ့ လုပ်တာဖြစ်မယ်၊ ဘာပဲဖြစ်ဖြစ် ပြည်သူတွေ ဂရုစိုက်သွားလာနေထိုင်ကြပါ၊ လုံခြုံရေးကို အထူးဂရုစိုက်ပါ” ဟု သာယာဝတီမြို့နယ်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
နတ်တလင်းမြို့နယ်၊ တော်လှန်ရေးရဲဘော်များ၏ဆွေမျိုးများနှင့် NLD ပါတီ အမာခံများ၏ အချက်လက်များအား ရရှိထားပြီးဖြစ်ခြင်းကြောင့် ဆက်လက်ကျူးလွန်ပါက အရေးယူမည်ဟု အနက်ရောင်သေမင်းတမန်အဖွဲ့က ထမ်မံ၍ခြိမ်းခြောက်စာထုတ်ပြန်ထားသည်။