ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြစိမ်းတောင်တွင် ဧက ၅၀ ကျော် တောမီးလောင်ကျွမ်းခဲ့ကြောင်း သစ်ပင်ချစ်သူအများအဖွဲ့ – Taunggyi မှ အဖွဲ့ဝင် တစ်ဦးကပြောသည်။
” အခုလောင်တဲ့တောမီးအရကတော့ ဧက ၅၀ နီးပါးလောက်ပျက်စီးနိုင်ပါတယ်၊ အပင်ငယ်လေးတွေ၊ အခေါက်သားမတက်သေးတဲ့အပင်သေးလေးတွေကတော့ သေဖို့များပါတယ်။ အကောင်လေးတွေကတော အများအားဖြင့် မြွေ၊ ရှဉ့် နဲ့ ငှက်ကလေးတွေကတော့ သေဆုံးမှုများနိုင်ပါတယ်။ အရမ်းသေးတဲ့ ပုရွက်ဆိတ်တို့၊ အင်းဆက်အသေးလေးတွေကတော့ မီလီယံနဲ့ချီ သေဆုံးကြမှာပါ။ ဒီအကောင်လေးတွေရဲ့သေဆုံးမှုနဲ့ အပင်တွေဆုံးရှုံးရမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုကတော့ အတော်လေးဆိုးရွားမှာပါ ” ဟု ၎င်းက ရှင်းပြသည်။
ယမန်နေ့( ဧပြီ ၂၁ဘရက်)၊ မွန်းလွဲ ၁ နာရီဝန်းကျင်မှ စတင်ကာ တောမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ယနေ့(ဧပြီ ၂၂ ရက်) နံနက် ၂ နာရီ အချိန်ထိ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
” မီးစလောင်တုန်းကတော့ မီးက သိပ်မများဘူး၊ ညပိုင်းမှာ မီးတောက်က တော်တော်ကို ကြီးလာတာ၊ လေကတိုက်နေတာလည်း ပါတာပေါ့၊ ဘုန်းကြီးကျောင်းဘက်ကို ကူးမှာစိုးလို့ အရေးပေါ်အနေထားနဲ့ပါ စောင့်နေခဲ့ရတယ် ” ဟု တောင်ကြီးမြို့ခံတစ်ဦးက ဆိုသည်။
တောမီးလောင်ခြင်းများကို တားဆီးမှုများ မပြုလုပ်ကြပါက သစ်တောပြုန်းတီးမှုနှင့်အတူ မြေပြိုခြင်း၊ မြေအောက်ရေရှားပါးခြင်း၊ ရေကြီးခြင်းနှင့် အပူချိန်လွန်ကဲလာခြင်းများ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူများက သတိပေးသည်။
” အခုအချိန်မှာ တောင်ကြီးမြို့ဟာလဲ အရမ်းကို ပူလာနေပြီဆိုတာ လူတိုင်းလိုလိုခံစားမိနေကြပါပြီ၊ ဒါဆိုရင် သစ်ပင်တွေကို အများကြီးပြန်စိုက်ဖို့၊ ရှိပြီးသားတွေကိုထိန်းသိမ်းဖို့ အရမ်းလိုအပ်နေပါပြီ။ ဘာလို့အပင်တွေကိုထိန်းသိမ်းခိုင်းရလဲဆိုတော့ လူသားတွေအတွက်ပါပဲ ” ဟု တောင်ကြီးမြို့ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူတစ်ဦးက ဆိုသည်။
တောမီးလောင်မှုများမဖြစ်ပွားစေရန် နွေရာသီမရောက်မီ မီးခြားလမ်းများသေချာလုပ်သင့်ပြီး ထင်းခြောက်လိုချင်၍ တောမီးရှို့မှုများ၊ တောထဲတွင် မီးကိုပေါ့ဆစွာထားခဲ့ခြင်းများ စသည်တို့ကို သေချာကျပ်မတ်ပြီး အရေးယူရန်လိုအပ်ကြောင်း၊ သစ်တောသည် ခြောက်သွေ့လျှင် မီးလောင်ကျွမ်းလွယ်သောကြောင့် အပင်များကို ခပ်စိပ်စိပ်ပြန်လည်စိုက်ပျိုးသင့်ကြောင်း ၎င်းကအကြံပြုသည်။
စိန်ပန်းနီ၊ ထင်းရှူး၊ ငုဆက်ပင်၊ ရေမျောပင်၊ ရေသင်းဝင် စသည့်အပင်များကို စိုက်ပျိုးကြရန်နှင့်
ကိုယ်တိုင်မစိုက်ပျိုးနိုင်ပါက တောင်တက်ရင်းဖြင့် မျိုးစေ့များ ကျဲပေးကြရန် သစ်ပင်ချစ်သူများအဖွဲ့ – Taunggyi ကလည်း တိုက်တွန်းထားသည်။