မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်ရက်အတွင်း မီးရှို့ခဲ့ပြီး၊ ဧပြီလအတွင်း အိမ်ခြေ ၁၀၀၀ ကျော် မီးရှို့ ခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ယမန်နေ့ (ဧပြီ ၂၀ ရက်)၊ မနက် ၁၀ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ဆီးမီးဆုံကျေးရွာမှ ထွက်လာသော စစ်ကောင်စီစစ်ကြောင်းသည် ဆင်ချောင်း(တောင်)ကျေးရွာ၊ ဆင်ချောင်း(မြောက်)ကျေးရွာ၊ ရန္တပိုကျေးရွာ၊ ကိုင်း(မြောက်)ကျေးရွာနှင့် ညောင်တိုကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
“ ဆင်ချောင်းတောင်ရွာက ၆၀ ကျော်၊ ဆင်ချောင်းမြောက်ရွာက ၅၀ ကျော် မီးထဲပါသွားတယ်၊ စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်း စစ်ကြောင်းပါ၊ အင်အားဘယ်လောက်ပါလဲ ဆိုတာ အတိအကျမသိပေမဲ့၊ ၁၀၀ကျော်လောက်တော့ရှိနိုင်တယ်” ဟု မြင်းခြံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
ထို့ပြင် ယနေ့ (ဧပြီ ၂၁ ရက်)၊ ညနေ ၄ နာရီခန့်တွင်လည်း ကိုင်း(မြောက်)ကျေးရွာမှ အသက် ၇၀ နှစ်အရွယ်ရှိ ဒေါ်ညွှန့်ဆွေဆိုသူ အဘွားအိုတစ်ဦးကိုလည်း စစ်တပ်က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
“ ဒေါ်ညွန့်ဆွေက NLDပါတီဝင်၊ NLD ဆိုင်းဘုတ်တင်တဲ့အိမ်က ခောတ်ကာလမကောင်းတော့ အခုချိန်ဆိုင်းဘုတ်တွေကတော့ မရှိတော့ဘူး။ ဈေးသည်၊ မျက်နှာချိုသဘောကောင်းတော့ လူသိများတာပေါ့၊ အနီးနားရွာတွေကလည်း သိကြတယ်။ စစ်ကြောင်းထဲမှာ တစ်ရွာကျော် ညောင်တိုရွာက စကစခန့်အုပ်ကြီးပါနေတော့ သူ့အကြောင်းသိလို့ ပစ်သတ်သွားတာ ထင်တယ်” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ဧပြီ ၁ ရက်နေ့မှ ၂၁ ရက်အထိ မြင်းခြံမြို့နယ်အတွင်းရှိ ရသာကျေးရွာမှ ၁၂၆ အိမ်၊ တောပုကျေးရွာမှ နေအိမ် ၇၀၀ ကျော်၊ ကိုင်း(မြောက်)ကျေးရွာမှ ၁၅၀ ခန့်၊ ဥဒယကျေးရွာမှ ၃ အိမ်၊ ရန္တပိုကျေးရွာ ၂ အိမ်၊ ဒါးကျွန်းကျေးရွာမှ ၂ အိမ်၊ တန်ဆောင်းကျေးရွာမှ ၄ အိမ်၊ ဆင်ချောင်း(မြောက်)ကျေးရွာမှ အိမ်ခြေ ၅၀၀၊ ဆင်ချောင်း(တောင်)ကျေးရွာမှ အိမ်ခြေ ၇၀ ကျော်ကို စစ်တပ်ကမီးရှို့ခဲ့ကာ၊ စုစုပေါင်း နေအိမ် ၁၀၀၀ ကျော် မီးရှို့ခံထားရကြောင်း သိရသည်။
“ တစ်ရွာဝင် တစ်ရွာထွက်ကို မီးတင်ရှို့နေတာ၊ ကြားထဲလည်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်တယ်။ စစ်ရှောင်နေကြရတာ လူဦးရေ ၈၀၀၀ ကျော်လောက်ရှိမယ်။ မြို့ပေါ်မှာလည်း အရမ်းအစစ်အဆေးလုပ်ကြတယ်။ နွားထိုးကြီးလမ်းပေါ်လည်း ဖြတ်သွားဖြတ်လာတွေကို စစ်တပ်က အကြောင်းမဲ့ သတ်နေတာ” ဟု မြင်းခြံမြို့ပေါ်သို့ စစ်ရှောင်နေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြင်းခြံမြို့နယ်အတွင်းရှိ မန်ကျည်းစု၊ သင်ပြွန်း၊ ဆိတ်ကုန်း၊ ပျိုးကန်နှင့် ကန်စွယ်ကျေးရွာမှ နေအိမ် ၅၀၀ ကျော်ခန့်ကို မီးရှို့ခဲ့ပြီး၊ ရွာသား ၉ ဦးကို သတ်ဖြတ်ခဲ့သေးသည်။