ရွှေကုက္ကိုလ်မြို့သစ်ကို ဗုံးမကြဲသရွေ့ မြဝတီမြို့တွင်း၌ တိုက်ပွဲမဖြစ်ပွားနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာန၊ တာဝန်ခံ ထွန်းထွန်း(အရေးတော်ပုံတပ်သား )က ပြောသည်။
ဧပြီ၂၀ ရက်မှစတင်ကာ ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ရှိ အမှတ် – ၂ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးရာနှင့်ချီ ကြဲချခဲ့ပြီးဖြစ်သော်လည်း မြဝတီ မြို့တွင်း၌မူ ယနေ့မွန်းလွဲပိုင်းအထိ ပစ်ခတ်မှုတစ်စုံတစ်ရာ မရှိသေးကြောင်း MPAက စုံစမ်းသိရသည်။
“ မြဝတီမြို့အတွင်းပိုင်းကတော့ စစ်ကောင်စီတပ်က ရွှေကုက္ကိုလ်ကို မကြဲသရွေ့ ဗုံးကြဲမှာမဟုတ်သေးဘူး။ KNA/BGFနဲ့ စကစက အတွင်းကြိတ် သဘောတူညီမှု မပျက်သေးပါဘူး။ KNLAကလည်း မြို့ကို အပျက်ခံပြီး ဝင်မတိုက်ပါဘူး။အဓိကက စိုးရိမ်မလွန်ကြဖို့ပါပဲ” ဟု ၎င်းက ပြောသည်။
ဧပြီ၂၀ရက်၊ ညနေ ၆နာရီအထိ မြဝတီမြို့တွင်း၌ ပြည်သူများ ပုံမှန်လှုပ်ရှားသွားလာလျက်ရှိပြီး မြို့နှင့်နီးသည့် မဟာစည်ဘုန်းကြီးကျောင်းဝင်းသို့ လေကြောင်းမှ ဗုံးတစ်လုံး ကြဲချပြီးနောက်မှသာ မြို့တွင်းနေပြည်သူအချို့ တိုက်ပွဲရှောင်ရန် စတင်ပြုလုပ်လာကြောင်း မြဝတီမြို့၊စစ်မှုထမ်းဟောင်းရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
“ မနေ့က မနက်ပိုင်းဗုံးကြဲနေပေမယ့် မြို့တွင်းမှာ အေးဆေးပါပဲ။ အလုပ်လုပ်တာတောင် မပျက်ကြ ဘူး။ ညနေ ၆နာရီလောက်မှာ စလှုပ်တာပေါ့။ မဟာစည်ဘုန်းကြီးကျောင်းက မြို့တွင်းနဲ့နီးတော့ အဲ့ကို ဗုံးကြဲတော့မှ မြို့တွင်းကစလှုပ်တာ။ ညကလည်း အသားကုန်ပစ်နေတော့ ထိုင်းဘက်ပြေးဖို့ လုပ်ကြတာပါ” ဟု ၎င်းက ပြောသည်။
ဧပြီ၂၀ရက်၊မွန်းလွဲ ၁နာရီ ၁၀မိနစ်ခန့်က မြဝတီမြို့၊ အမှတ် ၄ရပ်ကွက်၊ မဟာစည်ဘုန်းကြီး ကျောင်းဝင်းအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးတစ်လုံးကြဲချခဲ့ရာ ယင်းနေရာအနီး ဖြတ်သန်းသွားလာနေသည့် သားအမိနှစ်ဦး ဗုံးစထိမှန်ခဲ့ပြီး အမေဖြစ်သူ သက်လတ်ပိုင်းအရွယ် အမျိုးသမီး သေဆုံးခဲ့သည်။
ဧပြီ၂၀ရက်၊ ည ၇နာရီ ခန့်မှစတင်ပြီး မြဝတီအမှတ်- ၂တံတားအနီးတွင် တပ်စွဲထားသည့် ခလရ -၂၇၅မှ စစ်သားများ ဆုတ်ခွာသွားပြီး နှစ်ဘက်ထိခိုက်မှုများ ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာန၏ ဌာနတာဝန်ခံ ထွန်းထွန်း (အရေးတော်ပုံတပ်သား) က ပြောသည်။
“ ခလရ -၂၇၅ဟာ နယ်စပ်လိုင်းအတိုင်း မခံနိုင်မှ ထိုင်းဘက်ကို ပြေးမှာပါ။တံတားကနေ မနေ့က ဆုတ်သွားကြတယ်။အကျအရှုံးရှိတယ်။လက်ရှိ မြေပြင်ကပြောနေတာကလည်း သူတို့ တံတားအနီးမှာ မရှိကြတော့ဘူး” ဟု ၎င်းက ပြောသည်။
ယနေ့(ဧပြီ၂၁ရက်)နံနက် ၈နာရီမှ စတင်၍ မွန်းလွဲ ၁နာရီခွဲကျော်အထိ စစ်ကောင်စီတပ်က အမှတ်- ၂တံတားအနီးသို့ လေကြောင်းရော မြေပြင် တိုက်ခိုက်မှုပါ မရှိတော့ကြောင်း မြဝတီမြို့ခံအချို့ထံက သိရသည်။