မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ (ထွေအုပ်ရုံး)၌ တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း ပြည်သူသုံးဦးသေဆုံးခဲ့ပြီး၊ ရေစကြိုမြို့ရှိ ခလရ ၂၅၆တပ်ရင်းကလည်း ဒေသခံပြည်သူ ၄၀ကျော်ကို ဖမ်းဆီးထားကြောင်း Yesagyo Township Info Committee က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၁၈ ရက်၊ မွန်းလွဲ ၃ နာရီခန့်တွင် ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ (ထွေအုပ်ရုံး) အတွင်းရှိ စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့ရာ ရေစကြိုမြို့တောင်ဘက် ပေါက်တောကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး၊ အသက် ၅၂ နှစ်အရွယ်ရှိ Non CDM ကျောင်းဆရာမ ဒေါ်ခင်စိုး လက်နက်ကြီးထိမှန်၍ သေဆုံးခဲ့သည်။
အလားတူ ဧပြီ ၁၉ ရက်၊ မနက် ၁၀ နာရီခန့်တွင် ရေစကြိုမြို့ပေါ်သို့ ခရီးသည်ပို့ပြီး ပြန်လာသော ပေါက်တောကျေးရွာမှ အသက် ၃၀ နှစ်အရွယ်ရှိ ကိုတရုတ်ကြီးဆိုသူအား စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက်၊ မွန်းလွဲ ၂ နာရီခန့်တွင် အမှတ် ၂ရပ်ကွက် (စိတ္တသုခရပ်ကွက်)ရှိ သမဝါယမဆီစက်ဝိုင်းထဲ၌ ပစ်သတ်ခဲ့သည်။
ထို့ပြင် ဧပြီ ၁၉ ရက်၊ ညနေ ၄ နာရီခန့်တွင်လည်း ရုံးပေါင်းစုံ (ထွေအုပ်ရုံး) မှ ပစ်ခတ်သော လက်နက်ကြီးကျည်တစ်လုံးသည် ကျော်မကြားကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး အသက် ၆၀အရွယ်ရှိ ဒေါ်ခင်ဝင်းမြင့် သေဆုံးခဲ့သည်။
“ လက်နက်ကြီးကြောင့်က ၂ ယောက်၊ အသတ်ခံရတာ ၁ ယောက်ပါ၊ ရေစကြို ခလရ ၂၅၆ တပ်ရင်းကနေလည်း ဖူလုံကျေးရွာထဲအထိ ဝင်ဖမ်းတာ ပြည်သူ ၄၀ လောက်ပါသွားတယ်။ အခုထိတော့ ပြန်လွှတ်ပေးတဲ့အသံ မကြားရသေးဘူး” ဟု ရေစကြိုမြို့ခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။
“ အကျနေ့(ဧပြီ ၁၄ရက်)ကဆိုရင် ထင်းတန်းရပ်ကွက်ကို စစ်တပ်က မီးရှို့တယ်။ မီးလည်းငြိမ်းခွင့်မပေးဘူး၊ အိမ်သုံးလုံးပါသွားတယ်” ဟု ဖြစ်စဥ်ကိုသိရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရေစကြိုမြို့၊ အမှတ် ၂ စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံ (ထွေအုပ်ရုံး)၊ ရေစကြိုပြည်သူ့ဆေးရုံ၊ မြို့မ ရဲစခန်း၊ ကပ်ကျော်ဘုန်းကြီးကျောင်း၊ ငြိမ်းဇာနည် (စစ်မှုထမ်းဟောင်းရုံး)နှင့် ပန်းခြံတို့တွင် တပ်စွဲထားလျက်ရှိကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
“ ရေစကြိုဘက်ကနေ ချင်းတွင်းမြစ်တစ်ဖက်ကမ်းက ရွာတွေကို စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖျက်ဆီးတာ၊ ဖမ်းဆီးတာတွေ လုပ်တယ်။ ရေစကြိုမြို့ပေါ်တင် ဖျက်ဆီးတာ အားမရလို့ တဖက်ကမ်းထိကူးပြီး ယုတ်မာတာ၊ စစ်တပ်က မီးရှို့လိုက်၊ အသစ်ပြန်ဆောက်လိုက်နဲ့ လုံးလည်ချာလည်လိုက်နေတာ” ဟု ဆင်လှောင်ကျေးရွာ၊ ရွာသားတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၄ ရက်တွင် ရေစကြိုမြို့ပေါ်ရှိ ရုံးပေါင်းစုံ (ထွေအုပ်ရုံး)၌ တပ်စွဲထားသော စစ်ကောင်စီတပ်က အမှတ် ၅ ရပ်ကွက်၊ မအိုတိုက်ဘုန်းကြီးကျောင်းအနီးရှိ စျေးထဲသို့ လက်နက်ကြီးပစ်ခတ်သဖြင့် အမျိုးသမီးလေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သေးသည်။