ထိုင်း – မြန်မာချစ်ကြည်ရေးတံတား-အမှတ်၁အား မြန်မာဘက်က ပိတ်လိုက်သဖြင့် တံတားတွင် ပိတ်မိနေသူများရှိကြောင်း MPA ကစုံစမ်းသိရှိရသည်။
ထိုင်းနိုင်ငံ-မဲဆောက်မြို့တွင် တစ်ပတ်တာနေထိုင်ခွင့် သက်တမ်းကုန်ဆုံးသူများသည် သက်တမ်းတိုးရန်အတွက် မြန်မာဘက်အခြမ်းသို့ တုံးထုရန် သွားရာတွင် တုံးမထုပေးသဖြင့် ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိဘဲ မြန်မာနိုင်ငံသားအချို့ တံတားတွင် ပိတ်မိနေခြင်းလည်းဖြစ်သည်။
“ မြန်မာဘက်ခြမ်းက ပိတ်ထားမှန်း ကျတော်တို့ကမသိဘူး။ ထိုင်းဘက်ကလည်း ဘာမှမပြောဘဲ တုံးထုပေးလိုက်တယ်။ မြန်မာဘက်ရောက်တော့ ပြန်မဲ့သူတွေလားဆိုပြီးမေးတယ်။ မဟုတ်ဘူး သက်တမ်းလာတိုးတာလို့ပြောတော့ မြန်မာဘက်က တုံးမထုပေးနိုင်ကြောင်း ပြောတယ်” ဟု တံတားပေါ်တွင် ပိတ်မိနေသည့် အသက် ၂၀အရွယ် အမျိုးသားတစ်ဦး ကပြောသည်။
ယနေ့(ဧပြီ ၂၁ရက်)၊ နံနက် ၉နာရီမှ စတင်ကာ မြန်မာဘက်ခြမ်းရှိ တံတားကိုပိတ်လိုက်ခြင်းဖြစ်ပြီး၊ မြန်မာဘက်ခြမ်းတံတားတွင်လည်း အရပ်ဝတ်ဖြင့် အစောင့်တစ်ဦးသာရှိကာ၊ မြန်မာပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ခွင့်သာပြုထား ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။
“ မြန်မာဘက်က တုံးမထုပေးတော့ ပြည်တွင်းကို မပြန်ချင်တဲ့သူတွေ ထိုင်းဘက်အခြမ်းက တံတားမှာ ပိတ်မိနေတာ အယောက် ၃၀လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။
“ အခုထိုင်းဘက်ကတော့ တုံးထုပေးပြီး မြန်မာဘက်အခြမ်းကိုပေးသွားတယ်။ မြန်မာဘက်ကိုအပြီးပြန်လို့ရတယ်။ မြန်မာဘက်က တုံးမထုပေးတော့ ထိုင်းဘက်ကို ပြန်ဝင်လို့မရတော့ဘူး။ မြန်မာဘက်ကို ပြန်တဲ့သူတွေလည်းရှိတယ်” ဟု ယင်းတံတားအနီးတွင် စျေးရောင်းနေသည့် အမျိုးသမီးတစ်ဦးက MPAသို့ ပြောသည်။
ထို့ပြင် တံတားပေါ်မှ မကူးဘဲ သောင်းရင်းမြစ်မှ လှေဖြင့်ကူးပါက ခရီးတစ်ဖြတ်လျှင် အနည်းဆုံး ဘတ် ၈၀၀မှ အများဆုံး ဘတ် ၁၅၀၀ အထိပေါက်စျေးရှိ ကြောင်း ကမ်းနားတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကပြောသည်။
“ ပုံမှန်စျေးပါပဲ၊ ထိုင်းဘက်ကနေ မြန်မာကိုပြန်ရင် ဘတ် ၈၀၀၊ မြန်မာကနေ မဲဆောက် နေအိမ်အရောက်ဆို ဘတ် ၁၅၀၀လောက်ပေါ့၊ စျေးကတော့ တက်သွားတယ်ဆိုတာမျိုး မရှိသေးဘူး” ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား-အမှတ်၁အား မြန်မာဘက်မှ ပိတ်လိုက်ပြီး ပြန်လည်ဖွင့်ပေးမည့်ရက်ကို အတိအကျမသိရခြင်းကြောင့် တစ်ပတ်ကဒ်ဖြင့် နေထိုင်သူများ သက်တမ်းတိုးမရဘဲ အခက်တွေ့နေကြောင်း သိရသည်။
ထိုင်း-မြန်မာချစ်ကြည်ရေးတံတား – အမှတ်၁အား ကိုဗစ်ကာလမှာ စတင်ကာ သုံးနှစ်နီးပါးပိတ်ထားခဲ့ပြီး၊ ယမန်နှစ်(၂၀၂၃ခုနှစ်)၊ ဇန်နဝါ ၁၂ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း၊ လက်ရှိတိုက်ပွဲများကြောင့် တံတားအား မြန်မာဘက်က ပိတ်လိုက်ခြင်းဖြစ်သည်။