မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲရှိ တောပြားကျေးရွာ၌ ဖဲရိုက်နေသည့် ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် နှစ်ဦးသေဆုံးခဲ့ကြောင်း ညောင်ဦးမြို့နယ် – ပကဖ တာဝန်ခံ ကိုဇီးက MPA သို့ ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်၊ ညနေ ၆ နာရီခွဲခန့်တွင် တောပြားကျေးရွာအနီး ပြည်သူပိုင် ကျေးရွာရေစင်ရုံးအတွင်း ပျူစောထီးများ စုဝေး၍ ဖဲရိုက်နေစဥ် တော်လှန်ရေးပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ တောပြားရွာရဲ့ မြောက်ဘက် စက်ရေတွင်းမှာ အုပ်စုဖွဲ့ ဖဲရိုက်နေကြတာ၊ ပျူခေါင်းဆောင် တိုင်းကျော်နဲ့ သူတပည့်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာပါ၊ ကျန်တဲ့ ၃ ယောက်ကတော့ ဆေးရုံမှာ၊ အလစ်အငိုက်ဆိုတော့ ပြန်မပစ်နိုင်ကြဘူး။ အဲ့ဒီ့ညကလည်း စစ်ကောင်စီတပ်ဖွဲ့တွေ တောပြားရွာအနီးနားကို ကင်းပုန်းလာချတယ်၊ ၂၀ ရက်နေ့ညမှာလည်း စစ်ကားနှစ်စီးနဲ့ ကင်းပုန်းချတာကို တွေ့တယ်” ဟု ကိုဇီးက ပြောသည်။
ထိုကဲ့သို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ တောပြားကျေးရွာမှ ပျူစောထီးခေါင်းဆောင် အသက် ၅၆နှစ် အရွယ်ရှိ ကိုတိုင်းကျော်နှင့် အသက် ၄၀ နှစ် အရွယ်ရှိ ကိုသိန်းနိုင်တို့ ဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးကို Bagan Ogre Force (ညောင်ဦးမြို့နယ် – ပကဖ)၊ ရန်ကြီးအောင်ပြောက်ကျားတပ်၊ ညောင်ဦးခရိုင် တပ်ရင်း (၅)-တပ်ခွဲ ၁ နှင့် ၂ (ရဲဘော်ညီနောင် ပြောက်ကျားတပ်) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
“ ပုဂံ၊ ညောင်ဦးနဲ့ ပုပ္ပါးဘက်မှာက ပျူစောထီးသိပ်မရှိဘူး။ ပျူစောထီးနှစ်ယောက် အပစ်ခံရတော့ ညောင်ဦးရဲစခန်းထဲမှာလည်း အတော် ပရမ်းပတာတွေဖြစ်ကုန်တယ်။ အဲ့ဒီပျူခေါင်းဆောင်က ညောင်ဦးခရိုင်ထဲက စစ်ကောင်စီတပ်ခေါင်းကြီးပိုင်းတွေထိ ပိုင်တယ်” ဟု ညောင်ဦးမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ငါ့သရောက်မြို့နယ်ခွဲသည် စစ်ကောင်စီကို တော်လှန်ရာတွင် အင်အားကောင်းသည့် ပခုက္ကူ၊ မြင်းခြံနှင့် တောင်သာမြို့နယ်များနှင့် ထိစပ်လျက်ရှိသော မြို့နယ်ခွဲတစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် ငါ့သရောက်မြို့ နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းမှူး၊ ဒုရဲအုပ်နှင့် တပ်ကြပ်တစ်ယောက်အပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး၊ စစ်လက်နက်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့သေးသည်။