ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့မှ ပန်ဝါမြို့သို့ ချီတက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့(ဧပြီ ၁၉ရက်)၊ နံနက် ၁၀နာရီခန့်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကောင်စီယာဥ်တန်းသည် ဝိုင်းမော်မြို့ဘက်မှ ချီဖွေ၊ ပန်ဝါဘက်သို့ ချီတက်လာကာ စစ်ကောင်စီတပ်သားများနှင့်ပြည်သူ့စစ်များကို တင်ဆောင်လာခဲ့ခြင်းဖြစ်ပြီး မံဝိန်းကြီးကျေးရွာနှင့်ဆိုင်လော်ရွာကြားတွင် KIAက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်ကပြောသည်။
“ အင်အား ၁၀၀ လောက်ပါတာ၊ တိုက်ပွဲ ဖြစ်တဲ့နားမှာ ကျတော်တို့ ဂိတ်ထိုင်ထားတာ၊ ကျတော်တို့က ဖြတ်တိုက်တဲ့သဘောမျိုးပါ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် ဝိုင်းမော်မြို့၊ ဝိုင်းမော် – ဆဒုံးလမ်းပေါ်ရှိ မုန့်ကြိတ်ကျေးရွာနှင့် လမြန်ကျေးရွာကြားတွင် အဆိုပါ စစ်ကောင်စီ ယာဥ်တန်းကို ည ၇နာရီခန့်အချိန်တွင် KIAက ထပ်မံ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကားလေးစီးအနက် တစ်စီး မီးလောင် ပျက်စီးခဲ့သည်ဟု ဝိုင်းမော်မြို့ ဒေသခံတစ်ဦးက MPAသို့ပြောသည်။
“ ၁၂ဘီးကားလေးစီးနဲ့ အိမ်စီးကားတစ်စီးတက်လာတာ၊ ၁၂ဘီးကားတစ်စီးကတော့ မီးလောင်ပျက်ဆီးသွားတယ်။ ကားပေါ်က ခုန်ချထွက်ပြေးတဲ့ သူတွေလည်း အပစ်ခံရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် စစ်ကောင်စီလက်အောက်ခံ ခလရ ၅၈မှ ဖြစ်ပြီး ဆော့လော်မြို့သို့ စစ်ကူလာသည့် ယာဥ်တန်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
“ ကားတစ်စီးကတော့ မီးလောင်ပျက်စီးသွားတာတွေ့ရတယ်။ အိမ်စီးကားတစ်စီးမှာတော့ သွေးတွေအများကြီးနဲ့ ၀ူယန်ပြည်သူ့စစ် စခန်းထဲမှာတွေ့ရတယ်” ဟု ၀ိုင်းမော်ဒေသခံတစ်ဦးက ဆက်လက်ရှင်းပြသည်။
လက်ရှိ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်ဒေသရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းအချို့နှင့် ပြည်သူ့စစ်စခန်းများကို KIA က ယခုရက်ပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်မှုများ ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်ကလည်း အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိသည်။