ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ ကျောင်းခမ်းအုပ်စု၊ ကောင်းဟော်ကျေးရွာတွင် ကလေးငယ် ၂ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့(ဧပြီ ၂၀ရက်)၊ မွန်းလွဲပိုင်းတွင် ကောင်းဟော်ကျေးရွာအပြင်၌ ဆော့ကစားသေနည့် အသက် ၈နှစ်အရွယ် မောင်ခွန်နောင်နှင့် အသက် ၁၃နှစ်အရွယ် မောင်ဇော်မျိုးထွယ်တို့ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
“ အရင်က စစ်တပ်တွေလှုပ်ရှားနေတဲ့ နေရာတစ်ခုလည်း ဟုတ်တယ်။ ဒဏ်ရာတော့ သိပ်မပြင်းဘူး။ စိုးရိမ်စရာမရှိဘူးလို့တော့ပြောတယ်။ မိုင်းအစထိသွားတာ “ ဟု ကောင်းဟော်ရွာခံ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိ သိန္နီမြို့ကို အုပ်ချုပ်သူများအနေဖြင့် မိုင်းရှိ ဧရိယာ၊ မိုင်းအန္တရာယ်စသည့် သတိပေးစာတမ်းနှင့် မိုင်းအန္တရာယ် ရှိကြောင်း သင်္ကေတ တစ်ခုခု စိုက်ထူထားပေးသင့်ကြောင်း ဒေသခံများကပြောသည်။
“ ကလေးဆိုတော့ ဒါကမိုင်း၊ ဒါကလက်နက်ကြီးဆိုပြီး သူတို့မသိဘူးလေ၊ အချို့လူကြီးတွေတောင်ဘာမှ မသိဘူး။ အဲ့ဒါကြောင့် ဒီမှာ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းက မိုင်းရှင်းလင်းရေးလုပ်ပေးသင့်တယ်။ နောက်တစ်ခုက အန္တရာယ်ရှိကြောင်း လက္ခဏာ တစ်ခုခု ထားပေးသင့်တယ်” ဟု သိန္နီမြို့ခံ အမျိုးသားတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၂ရက်တွင်လည်း ကွတ်ခိုင်-သိန္နီ ပြည်ထောင်စု လမ်းမကြီးတလျှောက်၌ ပလုံကောက်သည့် ကွတ်ခိုင်မြို့နယ်၊ နမ့်ပါချီးရွာနေ အသက် ၃၃နှစ်အရွယ် ကိုအောင်ထိုက်ဆိုသူသည် မြေမြှုပ်မိုင်း နင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့ သေးသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း စစ်လက်နက်အကြွင်း အကျန်များကြောင့် ဒေသခံများ လုပ်ငန်းခွင်ဝင်ရောက်ရန် အခက်အခဲကြုံတွေ့လျက်ရှိသည်။