ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များ၌ စစ်မှုထမ်းစာရင်းတွင် ပါဝင်သည့် လူငယ်များသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ပြန်လည်ခေါ်ဆောင်ပေးရန် နေအိမ်တွင် ကျန်ရစ်ခဲ့သည့် မိသားစုဝင်များကို စစ်ကောင်စီတပ်က ဖိအားပေးနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပဲခူးတိုင်းအနောက်ခြမ်းရှိ မြို့နယ်များ၌ စစ်မှုထမ်းစားရင်းတွင်ပါဝင်သူများကို ပြီးခဲ့သည့် ဧပြီ ၁၈ရက်မှစတင်ကာ ခေါ်ယူနေခြင်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု တစ်ခုလျှင် အနည်းဆုံး ၂ဦးခေါ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ စစ်သား၊ လ၀က၊ အုပ်ချုပ်ရေးမှူးတွေ လာခေါ်တာ၊ ရှောင်မနေတဲ့သူတွေကတော့ပါသွားတယ်၊ ရှောင်နေတဲ့သူတွေကို တော့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုကို စစ်တပ်(ခလရ-၁)ကို လာရှင်းခိုင်းတယ်။ ဒီနေ့(ဧပြီ ၂၀ရက်)မှာသွားရှင်းရတဲ့သူတွေ မနည်းဘူး။ ပြန်လွှတ်ပေးလား၊ ဖမ်းထားလားတော့ မသိရဘူး။ အခုထိကို ပြန်ရောက်လာတာမရှိသေးဘူး” ဟု မင်းလှမြို့နေ အသက် ၃၀အရွယ် အမျိုးသားတစ်ဦးကပြောသည်။
ထိုကဲ့သို့ စစ်တပ်က စစ်မှုထမ်းရန် လာရောက်ခေါ်ဆောင်ရာတွင် နေ့ဘက် နေအိမ်၌ မရှိသူများကို ညဘက်အချိန် ထပ်မံလာရောက်ပြီး လူရှိမရှိ စစ်ဆေးမှုများပြုလုပ်ကြောင်း အုတ်ဖိုမြို့နေ အသက် ၄၀အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
“ မြို့ပေါ်ရပ်ကွက်တွေထဲလည်း လာရှာတယ်။ ရွာတွေဘက်လည်းဆင်းရှာကြတယ်။ ညဘက် အိမ်ပြန်ကပ်မလားလို့ပေါ့၊ မိသားစုတွေကိုလည်း ခြိမ်းခြောက်သွားတယ်။ ပြန်ခေါ်ပေးပေါ့၊ ပြန်မခေါ်ပေးရင် အိမ်မှာ ကျန်ခဲ့တဲ့သူကို ဖမ်းလို့ရတယ် ဆိုပြီး ပြောသွားတာ” ဟု ၎င်းက ပြောသည်။
ထို့ပြင် စစ်မှုထမ်းစာရင်းတွင်ပါဝင်သူများ ထွက်ပြေးတိမ်းရှောင်နေခြင်းကြောင့် စစ်တပ်အရာရှိများက အုပ်ချုပ်ရေးမှုး များကိုလည်း ကြိမ်းဝါးပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကပြောသည်။
“ မဲပေါက်ထားတဲ့သူတွေ၊ စာရင်းမှာ ပါတဲ့သူတွေကို အစောတည်းက ခင်ဗျားတို့ ကြိုအသိပေးထားလို့ အခုလိုထွက်ပြေးကုန်တာဆိုပြီး ကြိမ်းသွားတယ်။ ရအောင်ပြန်ရှာပြီး စစ်တပ်ကို လာပို့ဖို့ပြောသွားတယ်။ ကျတော်တို့မှာက သူတို့(စစ်တပ်)လည်းကြောက်နေရ၊ ပြီးတော့ ဒီဘက်က PDF တွေရန်လည်း ကြောက်နေရတယ်။ စစ်ထဲဝင်ချင်လို့ လိုက်ပို့ပေးရ တာအကြောင်းမဟုတ်ဘူး။ အခုဘယ်သူမှ မဝင်ချင်တာ ကျတော်တို့ ဘယ်လိုလုပ်ရမလဲ၊ နှုတ်ထွက်မယ်ဆိုတော့လည်း အုပ်ချုပ်ရေးမှူး အသစ်လုပ်မဲ့သူရှိမှ နှုတ်ထွက်ခိုင်းတယ်” ဟု ၎င်းက ရှင်းပြသည်။
လက်ရှိတွင် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိသည့် လူငယ်များကို သက်ဆိုင်ရာ မြို့နယ်များရှိ စစ်တပ်သို့ ခေါ်ဆောင်သွားပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားကြောင်းလည်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။