စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့ (ဧပြီ ၂၀ ရက်)၊ မနက် ၉ နာရီခန့်တွင် ဆားလင်းကြီးမြို့နယ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
“ သူက ကူးတို့ကုန်းရွာထိပ်မှာ ဆိတ်ကျောင်းနေတာပါ၊ အဲ့ဒီ့အချိန်မှာဘဲ လက်နက်ကြီးစထိပြီး သေသွားတာ၊ လက်နက်ကြီးက နှစ်ချက်ပစ်တာ၊ နေအိမ်ထိခိုက်မှုကတော့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
လက်နက်ကြီးစထိမှန် သေဆုံးသူမှာ ဆားလင်းကြီးမြို့နယ်၊ ပလောင်ကျေးရွာမှ အသက် ၅၀ နှစ်အရွယ်ရှိ၊ ကိုမိုးဦးဆိုသူဖြစ်ကြောင်း သိရသည်။
“ စစ်ကောင်စီစစ်ကြောင်းဝင်ပြီဆိုရင် ဘာတစ်ခုမှ မသယ်နိုင်ဘဲ ခြေဗလာနဲ့ ပြေးခဲ့ကြရတာသူတွေလည်း ရှိတယ်။ ရက်ရှည်စစ်ရှောင်ရပြီဆိုရင် အရမ်းခက်ခဲလာတယ်။ ချင်းတွင်မြစ်ကမ်းစပ်က ရွာတွေဆို ပိုဆိုးတယ်” ဟု ယင်းမာပင်မြို့နယ်မှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိတွင် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ကျေးရွာအများစုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားလျက်ရှိပြီး၊ စစ်ကောင်စီတပ်မှလည်း အရပ်သားများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
“ ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေက ဆက်စပ်နေတော့ စစ်ကြောင်းဆိုရင်ကို နားစွင့်နေရတော့တာ၊ အိမ်တွေဆိုလည်း ရစရာမရှိတော့ဘူး။ အမြဲတမ်း အထုပ်အပိုးအသင့်ပြင်ထားတယ်။ ကိုယ့်အိုး၊ ကိုယ့်အိမ်မှာနေရပြီး ကျီးလန့်စာစားနေရတယ်” ဟု မင်းတိုင်ပင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
နိုင်ငံတစ်ဝန်း၌ ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် မတ် ၂၀ ရက်အထိ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ပြည်သူ ၂ ဒဿမ ၈ သန်းရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) မှ ထုတ်ပြန်ထားသည်။