မကွေးတိုင်းအတွင်း စားဝတ်နေရေးကျပ်တည်းနေသည့် ပြည်သူအချို့သည့် တစ်ပိဿာ ၃၀၀ကျပ်သာ ရရှိသည့် ထနောင်းခေါက်များကို ခွာရောင်းသူများပြားလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ထနောင်းပင်များမှာ နှစ်တိုင်း အခေါက်များခွာယူခြင်းခံနေရပြီး ယမန်နှစ်က(၂၀၂၃ခုနှစ်) ရေနံချောင်းမြို့တစ်ဝိုက်နှင့် ယခုနှစ်(၂၀၂၄ခုနှစ်)တွင် အောင်လံမြို့နှင့် မကွေးမြို့ကြားရှိ လမ်းတစ်လျှောက်တွင် ထိုကဲ့သို့ဖြစ်ပွားနေကြောင်း ရေနံ့သာဒင်္ဂါးညီနောင်များ သစ်ပင်စိုက်၊ ရေကန်ဖော်၊ ဇရပ်ဆောက်၊ ရေချမ်းစင်တည်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ အဓိကကတော့ လူတွေက စီးပွားရေးအဆင်မပြေကြတာပါဘဲ၊ လုပ်စရာမရှိတော့ ရတဲ့ဟာ ထလုပ်ကြတာ၊ စားဝတ်နေရေးအတွက် ရောင်းလို့ရတာ ရောင်းလာကြတာပေါ့၊ မနှစ်ကတော့ ရေနံချောင်းတစ်ဝိုက်မှာ အခေါက်တွေ ခွာယူခံနေရတယ်၊ ဒီနှစ်ကျတော့ မကွေးနဲ့ အောင်လံကြားက လမ်းတစ်လျှောက်မှာ ခွာခံနေရတယ် “ ဟု ၎င်းက ပြောသည်။
ယခုနှစ်တွင် အခေါက်ခွာယူခံရသည့် အပင်အရေအတွက်မှာ အနည်းဆုံး ၁၀၀ကျော်ခန့်ရှိနေပြီး ထိုကဲ့သို့ ထနောင်း ခေါက်များကို ခွာယူရောင်းချနေကြရာ၌ သက်တမ်းရင့်သည့် အပင်များသာမက အခေါက်များစတင်ထွက်ရှိသည့် ထနောင်းပင်ငယ်များပါ ခွာယူနေကြကြောင်းနှင့် တစ်ပင်လျှင် အများဆုံး ၃ပိဿာအထိသာ ထွက်ရှိကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ရာသီဥတု အလွန်ပူပြင်းသည့် ကာလမျိုးတွင် အပူပိုင်းဒေသရှိ သစ်ပင်များသည် အလွန်အရေးပါပြီး ထနောင်းပင်များသည် မြန်မာနိုင်ငံအတွင်း အပူပိုင်းဒေသများရှိ ရေလိုအပ်မှု နည်းပါးကာ၊ ခြောက်သွေ့မှုဒဏ်ကို ခံနိုင်ရည်ရှိသည့် အပင်မျိုးစိတ်များအနက်မှ တစ်ခုဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ အပင်များကို အခေါက်ခွာခြင်းသည် အစာကြောကို ထိခိုက်နိုင်ပြီး အစာကြောဖြတ်တောက်ခံလိုက်ရသည့် အပင်တစ်ပင်သည် ရက်သတ္တပတ်အနည်းငယ်မှ တစ်နှစ်အတွင်း သေဆုံးနိုင်ကြောင်းနှင့် အပင်အခေါက်ခွါလိုက်ပါက ပြင်ပက ရောဂါပိုးမွှား ဝင်ရောက်ခြင်း၊ ရာသီဥတုဒဏ်ကို ခံနိုင်ရည် မရှိခြင်း စသည့် ပြဿနာများ ကြုံတွေ့ရနိုင်ပြီး အစာမရရှိဘဲ အပင်တစ်ပင်သည် ဆက်လက် ရှင်သန်နိုင်ရန်မရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်သည့်သူများက ပြောသည်။
” အပင်တွေရဲ့ အခေါက်ကို ခွါလိုက်တဲ့အခါ အပင်က ဘယ်လောက် အသက်ရှင်နိုင်သေးလည်း ဆိုရင်တော့ ခွါတဲ့ ပမာဏအပေါ်မှာ မူတည်ပါတယ်။ အပင် အခေါက်က ပမာဏနည်းနည်းလေးဆိုရင်တော့ အပင် က သူ့ဘာသာ ပြန်ပြီး ကုသပြီး အချိန်ကာလတစ်ခုမှာ အကောင်းတိုင်း ပြန်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုလိုမျိုး ပင်စည် တစ်ပတ်လည်လုံး ခွါခံရရင်တော့ အပင်အတွက် ဆိုးကျိုးအများကြီး သက်ရောက်နိုင်ပါတယ် “ ဟု Native Species Conservation and Identification, Myanmar မှ မမြဘုန်းမော်က ပြောသည်။
အပင်များသည် အပူချိန်ထိန်းညှိပေးခြင်း အရိပ်ရစေခြင်း၊ လူနှင့် တိရိစ္ဆာန်များအတွက် အမှီပြုစရာ၊ နေစရာ၊ စားစရာ ထောက်ပံ့ပေးခြင်းများ ရရှိနိုင်ပြီး အပင်များမရှိပါက ယခုထက် ပိုမို ပူပြင်းခြောက်သွေ့တဲ့ အပူဒဏ်ကို ရင်ဆိုင်ရနိုင်ကြောင်း မမြဘုန်းမော်က ရှင်းပြသည်။
ထနောင်းခေါက်များကို ခွာယူပြီးနောက် မကွေးမြို့ပေါ်ရှိ အရက်ချက်သည့်ဖိုများနှင့် ယွန်းထည်လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ရောင်းချနေကြကြောင်း စုံစမ်း သိရှိရသည်။
ထိုကဲ့သို့ ဖြစ်စဉ်များ မဖြစ်ပွားစေရန်အတွက် ဥပဒေအရ ကာကွယ်ထားရန် လိုအပ်သော်လည်း၊ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဥပဒေနည်းလမ်းအားဖြင့် ကာကွယ်ရန်မှာ ကဏ္ဍအစုံတွင် ခက်ခဲနေသောကြောင့် လက်တွေ့ အကောင်အထည်ဖော် ကျင့်သုံးရန်မှာ ခက်ခဲလျက်ရှိသည်။
ပြည်သူများသည် စားဝတ်နေရေးခက်ခဲလာမှုကြောင့် ငွေပမာဏ အနည်းငယ်သာရရှိသော်လည်း ထနောင်းပင်ကြီးများ၏ အခေါက်ကိုခွာကာ ရောင်းခြင်းသည် ရေရှည်၌ ဒုက္ခဖြစ်လာနိုင်သည်ကို အသိပညာပေးရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် အခြားအစားထိုး လုပ်ငန်းဖန်တီးပေးရန်၊ အခေါက်ခွာခံထားရသည့် အပင်များကို ကုသပေးနိုင်ရန်အတွက် အပင်ကို သုတ်ဆေးအသုံးပြုခြင်း၊ ရေလောင်းပေးခြင်း၊ အပင်မြေဆီလွှာအတွက် အစာအဟာရ ဖြည့်တင်းပေးခြင်း၊ မှို၊ ပိုးမွှားဝင်ရောက်မှု မရှိစေရန် စောင့်ကြည့် ထန်းသိမ်းပေးခြင်းများ ပြုလုပ်ရန် လိုအပ်ကြောင်း သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွ်သည့်သူများက တိုက်တွန်းထားသည်။