စစ်ကိုင်းတိုင်း၊ ကလေးဒေသခံ ၈၀ကို ၃လအတွင်း စစ်တပ်က သတ်ခဲ့ကြောင်း သိရသည်။
ယင်းစာရင်းမှာ ဖေဖေါ်ဝါရီ၊မတ်နှင့်ဧပြီလအတွင်း ကောက်ယူထားသည့် အနီးစပ်ဆုံး သေဆုံးစာရင်းဖြစ်ပြီး မြေပြင်၌သေဆုံးမှုမှာ ယခုထက်ပိုနိုင်ကြောင်း ကလေးမြို့လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဆိုသည်။
” သေဆုံးသူထဲမှာ ၆၅ ရာခိုင်နှုန်း အမျိုးသမီးတွေ ဖြစ်တယ်။ကျန်တဲ့ ၁၅ရာခိုင်နှုန်းက အမျိုးသားတွေ ဖြစ်တယ်။ တစ်ခြား ၂၀ ရာခိုင်နှုန်းက ကလေးသူငယ်တွေ ဖြစ်ပါတယ်” ဟု ကလေးမြို့လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၃လတာအတွင်း ကလေးမြို့ပေါ်နေပြည်သူ ၁၅ဦး၊ ကလေးမြောက်ပိုင်းနေ ပြည်သူ ၃၀နှင့် ကလေး တောင်ပိုင်းနေပြည်သူ ၃၅ဦးတို့ကို စစ်တပ်က သတ်ခဲ့ကြောင်း ကလေးမြို့လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ ဧပြီ၁၁ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မတ်လလယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် အလွန်အကျွံ ပစ်ခတ်ခြင်းနှင့် ဒရုန်းဗုံးသီးဖြင့် အရပ်သားနေထိုင်ရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းတို့ကြောင့် ပြည်သူ ၅ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။
” နိုင်ငံတကာမှာ ရောက်ရှိနေထိုင်နေကြတဲ့ ပြည်သူများအနေနဲ့ အရပ်သားသေဆုံးမှုကို လက်ပိုက်ကြည့်မနေဘဲ စစ်တပ်ကို တန်ပြန်ထိခိုက်စေနိုင်တဲ့ ဖြတ်တောက်ရေး၊ လိုအပ်တဲ့ အရေးယူမှုတွေ ပေါ်ပေါက်စေဖို့ ကလေးဒေသခံတွေနဲ့အတူ ပူးပေါင်းစေလိုတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကလေးဒေသအခြေစိုက် ဆရာဝန် တစ်ဦးက ပြောသည်။
ဒေသခံများအနေနှင့် တော်လှန်ရေးအင်အားစုများကထုတ်ပြန်သည့် ပန်ကြားချက်များကို လိုက်နာကြရန် ကလေးမြို့လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ ကမေတ္တာရပ်ခံထားသည်။