ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားဂိတ်၌ ယနေ့ (ဧပြီ ၁၁ ရက်)၊ ည ၇ နာရီ ၄၀ မိနစ်ခန့်တွင် လက်နက်ကြီးပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ လက်နက်ကြီးသံတွေ အရင်မြည်တာ၊ လက်နက်ကြီးသံချည်းဘဲ ၂၇ ချက်ပစ်သံ ကြားတယ်။ ၉ နာရီ မှာလည်း ဗုံးသံတစ်ချက်မြည်တယ်။ နောက်က သေနတ်ပစ်သံကတော့ ဂိတ်စောင့်စစ်သားတွေရဲ့ သေနတ်သံထင်တယ်။ ဂိတ်စောင့်တဲ့အဖွဲ့တွေကို KPDF တွေက သတိပေးတာ ဖြစ်မယ်” ဟု ဗလမင်းထင်တံတားအနီးတွင် နေထိုင်သူတစ်ဦးက MPA သို့ ပြောသည်။
အဆိုပါ ပစ်ခတ်သံများ ထွက်ပေါ်ပြီးနောက် စစ်ကောင်စီတပ်က ဗလမင်းထင်တံတားနှင့် အနီးရှိနေရာများတွင် ဖြတ်သန်းသွားလာသူများကို စစ်ဆေးလျက်ရှိကာ၊တံတားအနီးရှိ ဒေသခံများသည် စိုးရိမ်ပြီး မြို့ထဲရှိ လုံခြုံသည့် နေရာများသို့ တိမ်းရှောင်သူများ ရှိနေကြောင်းလည်း သိရသည်။
“ ၉ နာရီကျော်တော့ ငြိမ်သွားပြီ၊ ဘာမှကြားတော့ဘူး။ ပစ်ခတ်နေတဲ့အချိန်တော့ ပြေးပုန်းကြတာနဲ့ ရုတ်ရုတ်သဲသဲဖြစ်ကြတာ၊ အိမ်တွေပါ တုန်တယ်။ လက်နက်ကြီးတွေကတော့ ဘယ်နားကျလည်း မသိဘူး” ဟု မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ် ၂၈ ရက်တွင် မြစ်ကြီးနားမြို့နယ်၊ အကျဲကျေးရွာ၌ စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။