ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်ဘက်သို့ မြန်မာနိုင်ငံသားအများအပြားဝင်ရောက်လာခြင်းကြောင့် မဲဆောက်မြို့တွင် ယခင်ကထက်ပို၍ လုံခြုံရေးတင်းကျပ်ထားကြောင်း စုံစမ်းသိရှိရသည်။
“ဒီနေ့ မနက်ပိုင်းက ဈေးထဲဘက်ကိုသွားတာ ဂိတ်ချစစ်တာတွေရှိတယ်။ ပုံမှန်ဂိတ်မချတက်တဲ့ နေရာတွေမှာပါ ချထားတာကို တွေ့တယ်။ ခါတိုင်းဆို လမ်းမကြီးပေါ်တွေမှာပဲ ဂိတ်ချတတ်တာ။ အခုက လမ်းကြားတွေမှာပါ ဂိတ်ချပြီးစစ်တယ်။ မြန်မာဘက်က ဝင်လာတဲ့သူတွေ အရမ်းများလာတော့ လုံခြုံရေးကို တင်းကျပ်ပုံရပါတယ်။ အထောက်အထားရှိတဲ့သူတွေ ရဲကဒ်လုပ်တဲ့ သူတွေတော့ အဆင်ပြေပြေနဲ့ သွားလာလို့ရပေမယ့် မရှိတဲ့သူတွေကို ဖမ်းထားတာတွေ့တယ်”ဟု မဲဆောက်မြို့တွင် နေထိုင်သော မြန်မာအမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခလရ ၂၇၅ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမှတ် ၂ ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်ရှောင်လာသဖြင့် ထိုင်းအာဏာပိုင်များက လုံခြုံရေးကို ပိုမိုတင်းကျပ်ထားခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များနှင့် နီးစပ်သူများထံမှ သိရသည်။
“ဒီလ အစတည်းကတော့ လုံခြုံရေးအရ ပလိပ်တွေ ပတ်တာမျိုးတွေတော့ ရှိတာပေါ့။ ပလိပ်တွေက ခါတိုင်းလည်း ဒီလိုပဲပတ်နေတာပဲ။ အခုက ဂိတ်ချတယ်ဆိုတာတွေက ပလိပ်တွေအပြင် ထိုင်းစစ်သားတွေပါ ဂိတ်ချစစ်တာ။ မြို့တွင်းပိုင်းတွေထက် နယ်စပ်နဲ့ ဆက်စပ်တဲ့ လမ်းတွေမှာ ဂိတ်ချစစ်တာ။ တရားမဝင် ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေကို ပိုပြီး တင်းတင်းကျပ်ကျပ်စစ်ဆေးနေတဲ့ သဘောပေါ့။ အခုက စစ်သားတွေကလည်း ဒီဘက်ကို ပြေးလာတာတွေက များလာတော့ သူတို့နိုင်ငံရဲ့ လုံခြုံရေးအရ လုပ်ကြတာပေါ့”ဟု ထိုင်းအာဏာပိုင်များနှင့် နီးစပ်သူတစ်ဦးကဆိုသည်။
မြဝတီမြို့တိုက်ပွဲအခြေအနေများကြောင့် ထိုင်းစစ်တပ်မှလည်း မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားအောက်တွင် စစ်ကားများဖြင့် ကင်းပတ်ခြင်း၊ မြဝတီဘက်သို့ ဦးတည်၍ လက်နက်များချိန်ရွယ်ထားကာ စောင့်ကြည့်နေခြင်းတို့ရှိကြောင်း မျက်မြင်တွေ့ခဲ့သူ သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
“မနေ့က မြန်မာဘက်ကနေ ကူးလာမယ့်မောင်လေးကို သွားကြိုတာ။ အဲ့ဒီနားမှာ စစ်သားတွေ အရမ်းကို အလုပ်ရှုပ်နေကြတယ်။ တင့်ကားတွေရော၊ အချိန်ပြည့် ကင်းပတ်နေတဲ့ စစ်သားတွေရော အများကြီးပဲ။ လက်နက်တွေနဲ့လည်း မြန်မာဘက်ကို ချိန်ထားတာတွေ တွေ့တယ်။ အဲ့ဒါကလည်း မြဝတီက တိုက်ပွဲကြောင့်လို့ ထင်တယ်။ မြန်မာဘက်ကနေ ထိုင်းဘက်ကို တစ်ခါ လက်နက်ကျထားဖူးတော့ နောက်တခါထပ်ကျရင် ပြန်တုန့်ပြန်မယ်လို့ ပြောထားဖူးတယ်လေ။ အခုက အကုန်လုံးကို ကြည့်ရတာ အသင့်အနေအထားဖြစ်နေတာ”ဟု ၎င်းမြင်တွေ့ရပုံများကို ပြောပြသည်။
မဲဆောက်မြို့ နေရာအချို့တွင် ဧပြီ ၁၁ ရက်၊ နံနက်ပိုင်းက လုံခြုံရေးအရ စစ်ဆေးမှုများရှိခဲ့ပြီး စစ်တပ်နှင့် ရဲအပါအဝင် အဖွဲ့စုံက လိုက်လံစစ်ဆေးခဲ့ပြီး နေ့လယ်ပိုင်းအချိန်တွင် ဂိတ်ချစစ်ဆေးမှုများ မရှိတော့ကြောင်း မဲဆောက်မြို့ သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
“အိမ်နားက ဂိတ်ကတော့ သိမ်းသွားပြီ။ ၁၂ ခွဲ(ထိုင်းစံတော်ချိန်)လောက်က သိမ်းသွားတာပဲ။ အမတို့ဘက်မှာက မင်းလက်ပံဂိတ်ဆို လုံးဝပိတ်ထားတယ်။ အင်ကြင်းမြိုင်ဂိတ်ကတော့ သွားလာသူတွေတော့ တွေ့တယ်။ ပန်းရောင်ကဒ်တို့ စာရွက်စာတမ်းရှိတဲ့သူတို့ဆိုရင်တော့ အေးဆေးသွားလာလို့ရပါတယ်။ ရဲကဒ်သမားတွေလည်း ပွဲစားက ဖုန်းကိုင်ရင် လွတ်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခလရ ၂၇၅ အား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မည်ကို စိုးရိမ်ကြသဖြင့် ဒေသခံများမှာ အမှတ် ၁ ချစ်ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။