မကွေးတိုင်း၊ ယောဒေသအခြေစိုက် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF) ဌာနချုပ်တပ်ရင်းတွင် ဧပြီ ၁၀ ရက်၊ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုးကျပ်သိန်း(၃၀)ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးတားသည့်အနေဖြင့် အဆောင်ပတ်လည်ရှိ သစ်ရွက်ခြောက်နှင့်အမှိုက်များကို မီးရှို့ရာမှ အဆောင်တစ်ဆောင်ကိုမီးကူးစက်၍ လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း YPDF ၏ ဗဟိုဦးဆောင်ကော်မတီဥက္ကဋ္ဌ ရဲဘော်ယောလေးက MPA ကိုပြောသည်။
“ လူထိခိုက်တာတော့ မရှိပါဘူးဗျ။ မီးလောင်ချိန်မှာ ရဲဘော်တွေက တခြားရောက်နေကြတာ။ မီးစက်၊ ဒိုင်နမိုနဲ့ ရဲဘော်တွေရဲ့ အသုံးအဆောင်တွေ ပါသွားပါတယ်” ဟု ရဲဘော်ယောလေးကဆိုသည်။
YPDF အနေဖြင့် ယခုမီးလောင်မှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၂၂ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် နှာယမ်းများအပူလွန်ကဲ၍ ဂိုဒေါင်မီးလောင်ကာ ကာလတန်ဖိုး ကျပ်သိန်း(၃၀၀)ကျော်ဆုံးရှုံးခဲ့ပြီး ဒုတိယအကြိမ်အဖြစ်ဗျူဟာရုံးမီးလောင်ကာ TV နှင့် စာရွက်စာတမ်းများ ဆုံးရှုံးခဲ့ရဖူးသည်။
“ ဒီနေ့တော့ မိုးနည်းနည်းအုံ့တယ်။ အရင်နေ့တွေကတော့ မနေနိုင်ဘူး။ တအားပူတာ။ အပူများလွန်းလို့ ဖျားကြ၊ နာကြမှာတောင် စိုးရတယ်” ဟု ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင်နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့်ပြည်နယ်အချို့တွင် ယခုနှစ် ဧပြီလမှ မေလအထိ နေ့အပူချိန်နှင့် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်းများ ဆက်လက်မြင့်တက်နေဦးမည်ဖြစ်ကြောင်း မိုးလေဝသစောင့်ကြည့်လေ့လာသူများက သတိပေးပြောကြားထားသည်။