ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် စစ်ဘေးရှောင်နေရာမှ နေရပ်သို့ပြန်လာသည့် အသက် ၃၇ နှစ်အရွယ်အမျိုး သမီးတစ်ဦးကို (PNO/PNA) ပြည်သူ့စစ်အဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သဘက်ချောင်းကျေးရွာအုပ်စုရှိ နောင်သိမ်ကျေးရွာတွင် နေထိုင်သည့် အထက်ပါအမျိုးသမီးမှာ ဧပြီ (၁၀) ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ ၈ ရက်နေ့က နောင်သိမ်ကို စစ်တပ်ကတင့်ကားနဲ့ ရွာကိုပစ်လို့ သူတို့လင်မယားက စစ်ရှောင်ထွက်သွားတာ၊ အဲ့ဒီကနေမှ ၁၀ ရက်နေ့ကျတော့ ရွာပြန်မလို့လုပ်တော့ စစ်ကောင်စီလက်အောက်ခံ PNA ကင်းရှည်နဲ့တိုးပြီးတော့ ပစ်သွားတာ။ သူ့ယောကျာ်းကတော့လွတ်တယ်၊ သေဆုံးသူအလောင်းကိုတော့ ၃ နာရီ ကြာမှ ပူးပေါင်းတပ်ဖွဲ့က သွားယူပေးတာ”ဟု ၎င်းက ရှင်းပြသည်။
နေရပ်သို့ပြန်လာသည့် စစ်ဘေးရှောင်အမျိုးသမီးကို မည်သည့်အကြောင်းပြချက်ဖြင့် ပစ်ခတ်သတ်ဖြတ်ရခြင်းဖြစ်သည်ကို စုံစမ်းနေဆဲဖြစ်ပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၏ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ဆက်လက်ပြောသည်။
“ဒေသခံ ပြည်သူတွေကို ပြည်သူ့စစ်တွေက ပစ်သတ်တာဆိုတော့ ဘာကြောင့်သတ်လဲဆိုတာ ပြည်သူ့စစ်တွေ ကိုယ်တိုင်ပဲ သေသေချာချာသိမှာပေါ့၊ ကျွန်တော်တို့ ပြောချင်တာက ဒါတွေက ပြည်သူလူထုကို အကြောင်းမဲ့ပစ်သတ်တာလို့ ပြောချင်ပါတယ်၊ ဒါကတော့ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပါတယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။
အဆိုပါ ဒေသတစ်ဝိုက်ရှိ ပြည်သူ့စစ်များက ဒေသခံပြည်သူများအပေါ် အကြောင်မဲ့ဖမ်းဆီးရိုက်နှက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ မကြာခဏပြုလုပ်လျက်ရှိကြောင်း ဒေသခံများက တညီတညွတ်တည်းပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် နှစ်လကျော်ကြာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ပြည်သူ ဦးရေ ခုနစ်သောင်း ဝန်းကျင်ရှိလာပြီး အချို့သော စစ်ဘေးရှောင်များမှာ နေရပ်သို့ခေတ္တပြန်၍ ပစ္စည်းများ ပြန်လည်ကြည့်ရှုခြင်း၊ လိုအပ်သော ပစ္စည်းများပြန်လည်သယ်ယူခြင်းများလုပ်ဆောင်ကာ လုံခြုံသောနေရာသို့ ပြန်လည် ရှောင်တိမ်းကြကြောင်း သိရသည်။