စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်တွင် စစ်မှုထမ်းရန် လူလိုက်စုနေသည့် စစ်မှုထမ်းဟောင်း အုပ်ချုပ်ရေးမှူးကို PDFတို့က ပစ်ခတ်ခဲ့ရာ သေဆုံးသွား ကြောင်းသိရသည်။
ဧပြီ ၉ရက်၊ နံနက် ၈နာရီ ၄၅မိနစ်ခန့်က စစ်မှုထမ်းရန် လူစုရာ၌ ဦးဆောင်နေသည့် အရာတော်မြို့၊ အမှတ် ၁ရပ်ကွက် အုပ်ချုပ်ရေးမှူးအောင်ကြည်ကို လက်ဖက်ရည်ဆိုင်မှ နေအိမ်သို့ အပြန် လမ်းတွင် သေနတ်ဖြင့် ပစ်ခဲ့ကြောင်း Danger Force LPDF အဖွဲ့က သတင်းထုတ်ပြန်သည်။
“ မြို့ထဲမှာပဲ ပစ်သတ်ခဲ့တာပါ။ အချိန်ကြာကြာပြင်ဆင်ခဲ့ရပါတယ်” ဟု Danger Force LPDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီး ၁၅မိနစ်ခန့်အကြာ၌ စစ်ကောင်စီတပ်က အလောင်းပြန်ကောက်သွားပြီး ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကာယနေ့ (ဧပြီ ၁၀ရက်) နံနက် ၉နာရီခန့်က သင်္ဂြိုလ်ကြောင်း၎င်းကပြောသည်။
ထို့နောက် မြို့တွင်း၌လည်း စစ်သားများကင်းပတ်ပြီး စစ်ဆေးရေးဂိတ်များတွင်လည်း တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အရာတော်မြို့ပေါ်တွင် ရပ်ကွက် ၇ခုရှိပြီး ရပ်ကွက်တစ်ခုလျှင် ၂ယောက်နှုန်းဖြင့် အုပ်ချုပ်ရေးမှူးများက မဲနှိုက်ခိုင်းကာ စစ်မှုထမ်းရန် ခေါ်ယူနေကြောင်း BGS Drone Force အဖွဲ့တာဝန်ခံ ကိုဗန်ကီးကပြောသည်။
“ မဲတွေကတော့ ပေါက်ကြပြီတဲ့။ လူတော့မခေါ်သေးဘူး။ အုပ်ချုပ်ရေးမှူးတွေက အိမ်တွေကို လိုက်ပြောတယ်” ဟု ၎င်းကပြောသည်။
ယင်းပစ်ခတ်မှုကို Danger Force LPDF အဖွဲ့နှင့်အတူ အရာတော်မြို့နယ်မဟာမိတ် LPDF တပ်ဖွဲ့ -၂နှင့် မုံရွာခရိုင်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။