ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေကြသော်လည်း အွန်လိုင်းလောင်းကစားလုပ်ငန်းများနှင့် ငွေကြေးလိမ်လည်သည့် လုပ်ငန်းများ ဆက်လက်လည်ပတ်နေကြောင်း အဆိုပါလုပ်ငန်းများတွင် လုပ်ကိုင်နေသူများထံမှ သိရသည်။
“ကျွန်တော်တို့က အထဲမှာ၊ အပြင်မှာ ဖြစ်နေတာ ဘာဆိုဘာမှကိုမသိတာ၊ ဒီမနက်သူများတွေက အတော် ဆိုးနေပြီ မြို့ထဲတောင် ရောက်တော့မယ်၊ လူတွေလည်း ပြေးကုန်ကြပြီဆိုတော့မှ တချို့ကိစ္စတွေသိတာ၊ အခုထိ အလုပ်တွေက လုပ်ကောင်းနေတုန်း၊ အပြင်မှာဘာတွေဖြစ်နေတယ်ဆိုတာကို ဘယ်သူဌေး၊ ဘယ်ခေါင်းဆောင်မှ မပြောဘူး”ဟု မြဝတီမြို့ရှိ အွန်လိုင်းငွေကြေးလုပ်ငန်းတစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေသည့် လူငယ်တစ်ဦးကပြောသည်။
ထို့ပြင် အွန်လိုင်းလောင်းကစားရုံများတွင်လည်း လက်ရှိအချိန်ထိ လာရောက်ဆော့ကစားနေသူများရှိ နေကြောင်း အဆိုပါလောင်းကစားရုံများတွင် သွားရောက်ဆော့ကစားနေသူအချို့နှင့် ဝန်ထမ်းများထံမှ သိရသည်။
“အလုပ်နဲ့ပတ်သက်လို့ ပိတ်မယ်၊ ရပ်မယ် ဘာမှတော့မပြောဘူး။ သူတို့မပြောတော့ ကိုယ်တွေလည်း ဆက်လုပ်တာပေါ့၊ တချို့လည်း စိုးရိမ်ကြတာတွေရှိတယ်၊ ပြန်တဲ့သူတွေကလည်း ပြန်ချင်နေကြတယ်”ဟု ကာစီနိုရုံတစ်ခုတွင် အလုပ်လုပ်နေသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးကပြောသည်။
အဆိုပါ ကာစီနိုရံများတွင် အမြဲသွားရောက်ဆော့ကစားသည့် အမျိုးသမီးတစ်ဦးလည်း “ကာစီနိုထဲ လုံခြုံတယ်လေ၊ အေးဆေးပဲ ဘာသံမှ မကြားရဘူး၊ အခုထိ ဆော့ကောင်းနေကြတုန်းပဲ၊ ဒီမှာ အရင်ကတည်းက ဘာစစ်ပွဲပဲဖြစ်ဖြစ် ဒီလုပ်ငန်းတွေ ရပ်သွားတယ်ဆိုတာ မကြားဘူးဘူး”ဟု ဆိုသည်။
မြဝတီမြို့၊ တောင်ကလေးကျောင်းအနီးရှိ နေအိမ်များ၊ အေးသုခရွာ၊ စိမ်းလဲ့မြိုင်ကားဝင်းနှင့် နေရာအချို့ ကို စစ်ကောင်စီတပ်က ယမန်နေ့ (ဧပြီ ၉ ရက်) ကစတင်ကာ ယနေ့အချိန်ထိ လက်နက်ကြီးအပါဝင် လေကြောင်းဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေသည်။
တိုက်ပွဲနှင့်နီးစပ်သည့် နေရာများတွင်နေထိုင်သူများသာမက၊ မြို့တွင်း၌ နေထိုင်ကြသူများပါ လက်ရှိ တွင် ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရပြီး၊ ယနေ့တွင်လည်း မြဝတီမြို့ အဝင်၊ အထွက်ကို ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။