မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူ – ရေစကြိုလမ်းပိုင်း၌ စစ်တပ်၏ လက်နက်ခဲယမ်းတင်ဆောင်လာသော ယာဥ်နှစ်စီးကို စစ်ဆေးစဥ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း Southern YSO PDF မှ ယနေ့ (ဧပြီ ၁၀ ရက်)၊ မနက် ၁၁ နာရီခန့်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဧပြီ ၆ ရက်၊ နေ့လယ် ၁၂ နာရီခွဲတွင် ဆင်ချောင်းပျူစောထီးကျေးရွာမှ ထွက်လာသော ဦးပိုင်ကုမ္ပဏီပိုင် Canda ကားတစ်စီးနှင့် ပခုက္ကူ၊ အမှတ် ၂၅၉ တပ်ရင်းမှ လက်နက်ခဲယမ်း၊ ကုန်ပစ္စည်းများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တင်ဆောင်လာသည့် ကုန်ကားတစ်စီးတို့ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပခုက္ကူ နည်းပညာတက္ကသိုလ် စစ်ကောင်စီဂိတ်နှင့် ပန်းတိုင်းခြုံစစ်ကောင်စီဂိတ် နှစ်ခုကြား၌ တားဆီးစစ်ဆေးရာမှ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ သတင်းကြိုရထားတာကတော့ ကုမ္ပဏီကားပဲ၊ နောက်ကနေ ကုန်ကားအကြီးနဲ့ စစ်သားတွေပါလာမယ်ဆိုတာကို စစ်ဆေးမဲ့အထဲ မထည့်ထားဘူး။ ကျတော်တို့ တားတဲ့အချိန်မှာ ကုမ္ပဏီကားက မရပ်ပေးတော့ ပစ်ခတ်မှုဖြစ်တယ်။ ကုန်ကားထဲမှာ ပါလာတဲ့ စစ်သားတွေကလဲ ပြန်ပစ်တယ်။ ကျတော်တို့ဘက်က လူ၊ လက်နက်အင်အားနဲ့ ပစ်ကွင်းလည်းကောင်းတယ်” ဟု Southern YSO PDF မှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ပစ်ခတ်မှုကြောင့် ဦးပိုင်ကုမ္ပဏီကားပေါ်တွင် လိုက်ပါလာသူ လေးဦးအနက် နှစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး၊ လက်နက်များတင်ဆောင်လာသည့် ကုန်ကားပေါ်တွင် လိုက်ပါလာသူ ခြောက်ဦးအနက် ငါးဦးသေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူမှာ ထွက်ပေးသွားကြောင်း တာဝန်ရှိသူတစ်ဦးက ဆက်လက်ရှင်းပြသည်။
“ ပစ်ခတ်မှုပြီးတော့ ဦးပိုင်ကုမ္ပဏီပိုင် Canda ကားကို စစ်ဆေးတဲ့အချိန် ၂၅၉ စစ်တပ်က တပ်ကြပ်ကြီး ချွေးမ မတင်ဇာဝင်းပြည့်က ဆုံးသွားတယ်။ စစ်တပ်အတွက် အလုပ်လုပ်ပေးနေတဲ့ ကိုနေသူလွင် ဆုံးတယ်။ Canda ကားပေါ်က ကားဒရိုင်ဘာ မြင့်နိုင်နဲ့ ကားအကူကတော့ ဒဏ်ရာတွေ အတော်များများရထားတယ်၊ မေးတဲ့အချိန်မှာ ဆင်းချောင်းပျူရွာကနေ တင်ဆောင်လာပြီး ကျောက်လှေကားဂိတ်ကို ချထားခဲ့တယ်ဆိုတာ ဝန်ခံတယ် ကုန်ကားကို စစ်မယ့်အချိန်မှာ စစ်ကောင်စီတပ်ဘက်က စစ်ကူတွေတက်လာတာနဲ့ တပ်ဆုတ်ခဲ့ရတယ်၊ သေဆုံးမှုကတော့ ၂၅၉ က ငါးလောင်းကို တပ်တွင်းဖရဲသီးနဲ့ ပစ်ခတ်မှုအတွင်း တိုက်ရိုက်မြင်လိုက်ရတာနဲ့ အတည်ပြုပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဦးပိုင်ကုမ္ပဏီပိုင် Canda ကားပေါ်မှ စစ်ကောင်စီတပ်၏ ကပစစက်ရုံထုတ်(ကာကွယ်ရေးပစ္စည်း စက်ရုံ) ၅.၅၆ အမျိုးအစား ကျည်အတောင့် ၃၁၀ နှင့် လက်ပစ်ဗုံး ၃လုံး သိမ်းဆည်းရရှိခဲ့သည်။
ထို့နောက် လက်နက်များတင်လာသည့် ကုန်ကားကို စစ်ဆေးမည်ပြုနေစဥ် တိုက်ခိုက်မှုဖြစ်ပွားရာနေရာနှင့် မီတာ ၆၀၀ အကွာအဝေးရှိသော ပခုက္ကူ နည်းပညာတက္ကသိုလ် စစ်တပ်ဂိတ်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး၊ မီတာ ၁၃၀၀ ကွာဝေးသည့် ပန်းတိုင်းခြုံစစ်တပ်ဂိတ်မှလည်း စစ်ကူများ ရောက်ရှိလာ၍ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
ထို့နောက် မွန်းလွဲ ၂ နာရီခွဲတွင် ပခုက္ကူ – ရေစကြိုကားလမ်းမကြီးကို ပိတ်၍ ပန်းတိုင်းခြုံစစ်ကောင်စီဂိတ်မှ အင်အား ၅၀ ခန့်သည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး ကုန်ကားပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းငါးလောင်းနှင့် Canda ကားပေါ်မှ အလောင်းနှစ်လောင်းတို့ကို အမှတ် ၂၅၉ တပ်ရင်းသို့ သယ်ဆောင်ခဲ့ကြောင်း သိရသည်။
“ ပခုက္ကူ – ရေစကြိုလမ်းမပေါ်ဆိုလည်း အရမ်းမသွားရဲဘူး။ စစ်တပ်ဂိတ်တွေက သိပ်မဝေးဘူးလေ၊ တစ်ခုခုဆို စစ်တပ်က အရပ်သားကားတွေ၊ ဆိုင်ကယ်တွေကိုပဲ ဒိုင်းကာသဘောလို လုပ်ကြတာ၊ ပခုက္ကူနဲ့ ရေစကြိုက အဝေးကြီးလည်း မဟုတ်ဘူး။ တချို့ ပခုက္ကူမြို့ပေါ်ကနေ တခြားမြို့ကြီးတွေကို ပြောင်းကြတယ်။ ရေစကြိုမြို့ဘက်မှာလည်း အသံတွေက ကြားနေရတာလေ” ဟု ပခုက္ကူမြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် Southern YSO PDFက ပခုက္ကူ – ရေစကြိုကားလမ်းပိုင်း၌ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့များကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ၊ G3 တစ်လက်၊ ကာဘိုင်တစ်လတ်၊ ကျည်ဘောက် နှစ်ခု၊ ကျည် ၁၂ တောင့်နှင့် ဆိုင်ကယ်တစ်စီးကို သိမ်းဆည့်ရမိခဲ့သေးသည်။