ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် ဧပြီ ၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ဆရာဝန်တစ်ဦး ဆေးခန်းထိုင်နေချိန် လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူများရောက်ရှိလာပြီး ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
“ ဆေးခန်းထိုင်နေချိန်ကြီး ဝင်ဖမ်းသွားတာ၊ ပြန်ပေးဆွဲဖို့လို့ပဲထင်တယ်၊ ဒီမှာက ဒီတိုင်းပေါ်တင်ကြီးကိုဝင်ဆွဲသွားလောက်တဲ့အထိကို ဥပဒေမစိုးမိုးနိုင်တော့တာ” ဟု မူဆယ်မြို့တွင်နေထိုင်သည့် အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။
မူဆယ်မြို့၊ ကောင်းနောင်ရပ်ကွက်၊ Best Hotel အနီးရှိ ဆေးခန်းတွင် ဆေးကုသပေးနေသည့် ဒေါက်တာမိုးကျော်နိုင်ကို လက်နက်ကိုင်ဆောင်ထားသည့် လူလေးဦးက ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ မူဆယ်က ဒေသခံပြည်သူတွေ မလုံခြုံတော့ဘူးဆိုပြီး စိုးရိမ်ထိတ်လန့်နေအောင် လုပ်နေတာပဲ၊ မိမိဇာတိမြို့ကိုစွန့်ခွာချင်လာအောင် ခြိမ်းခြောက်နေတယ်လို့ထင်တယ်၊ အလုပ်အကိုင် စီးပွားရေးတွေလုပ်ဖို့ မသင့်တော်တဲ့မြို့ဖြစ်လာစေချင်ပုံရပါတယ်” ဟု မူဆယ်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။
ဒေါက်တာမိုးကျော်နိုင်ကို မည်သည့်အဖွဲ့အစည်းက မည်သည့်နေရာသို့ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရသေးသည့်အပြင် ဖမ်းဆီးခံရသည့် ဆရာဝန်၏ မိသားစုကို ဆက်သွယ်မေးမြန်းနိုင်ရန် MPA ကဆက်လက်ကြိုးစားနေဆဲဖြစ်သည်။
“ ဥပဒေကမရှိဘူးလားဆိုတော့ မဟုတ်ဘူးရှိတယ်၊ အဲ့ဒါကို အကောင်အထည်ဖော်တဲ့အဖွဲ့အစည်းတွေရဲ့ အားနည်းချက်ကြောင့်ပေါ့၊ အကောင်အထည်ဖော်တဲ့အဖွဲ့အစည်းဆိုတာ ပထမဆုံးရဲတပ်ဖွဲ့ပေါ့၊ အမှုတစ်ခုဖြစ်ရင်အလုပ်ရှုပ်တယ်၊ အမှုမဖွင့်ပေးတာတွေ၊ ပိုက်ဆံပေးမှလုပ်ပေးတာတွေဖြစ်လာတယ် အဂတိပေါ့။ နောက်တစ်ခုက တရားရုံးတွေ၊ သူတို့တွေကလည်း အမှုကခိုင်နေတယ်၊ သက်သေတွေစုံနေရင်တောင်မှ ဆင်ခြင်တုံတရားထက် ပိုက်ဆံရလာရင် အမှုကို ပြစ်ဒဏ်လျော့ပေါ့ပေးတာတွေရှိလာတော့ ဒီလိုဒုစရိုက်မှုတွေက ပိုဖြစ်လာတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်သည်။
မူဆယ်မြို့သည် စစ်ကောင်စီတပ်မ ၉၉ လုံခြုံရေးယူထားသည့်မြို့ဖြစ်ပြီး ပြီးခဲ့သည့် မတ်လအတွင်းကလည်း မူဆယ်မြို့တွင် တစ်ရက်အတွင်း ပြန်ပေးဆွဲမှုနှင့်ခြိမ်းခြောက်ငွေတောင်းမှုနှစ်ကြိမ်ဖြစ်ပွားခဲ့သေးသည်။